Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ရွှေဆိုင်များပိတ်သိမ်းသဖြင့် ဝန်ထမ်းနှင့် ပန်းထိမ်လုပ်ငန်းများ အခက်တွေ့
DVB
·
June 27, 2024
Photo Crd- သူရ + တော်ဝင်

ဧရာဝတီတိုင်းက ရွှေအရောင်းဆိုင်တွေနဲ့ ရွှေပန်းထိမ်လုပ်ငန်းတွေ ပိတ်သိမ်းလာတာကြောင့် အရောင်းဝန်ထမ်းနဲ့ ရွှေပန်းထိမ် ပညာရှင်တွေ အလုပ်လက်မဲ့ ဖြစ်နေတယ်လို့ အရောင်းဝန်ထမ်းတွေဆီက သိရပါတယ်။

စစ်ကောင်စီက ရွှေဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးတာ၊ ရွှေဈေးချရောင်းဖို့ ဖိအားပေးတာ၊ စစ်တပ်က အာဏာသိမ်းလို့ ဖြစ်ပေါ်လာတဲ့ ရွှေဈေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး ကျဆင်းလာမှုတွေ၊ ဒေါ်လာဈေး မတည်ငြိမ်မှုတွေ၊ ဓားပြ၊ လုယက်ခံရမှု များလာတာကြောင့် ရွှေဆိုင်တွေ ပိတ်သိမ်းလာလို့ ရွှေလုပ်ငန်းကို မှီခိုနေတဲ့သူတွေ၊ ဝန်ထမ်းတွေ အလုပ်လက်မဲ့ ဖြစ်လာတာတယ်လို့ ရွှေရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

ပုသိမ်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တယောက်က “စစ်တပ်အာဏာသိမ်းပြီးနောက် ရွှေဆိုင်အများစုက တော်တော်ရောင်းအားထိုးကျနေတာ။ မေလကစလို့ ရွှေဆိုင်လုပ်ငန်းရှင်တွေ၊ ရွှေအရောင်းဆိုင် ပိုင်ရှင်တွေပါ ထပ်အဖမ်းခံရတော့ အရောင်းအဝယ် မလုပ်ရဲတော့လို့ ဆိုင်တွေပိတ်ကုန်တာ။ ဆိုင်တွေပိတ်ကုန်တော့ ရွှေအရောင်းအဝယ်နဲ့ ဆက်စပ်တဲ့ လုပ်ငန်းကို မှီခိုနေတဲ့သူတွေ အလုပ်လက်မဲ့ ဖြစ်ကုန်တယ်။ တတိုင်းလုံးက ရွှေဆိုင် ၁၀၀ ရှိရင် ဆိုင် ၇၀ လောက် ပိတ်သွားတော့ အလုပ်လက်မဲ့နှုန်းက ထောင်ချီ ဖြစ်နေတာပေါ့” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ တချို့ရွှေဆိုင်တွေ ဖွင့်ထားပေမဲ့လည်း အရောင်းအဝယ် မရှိသလောက် ဖြစ်နေတာကြောင့် ရွှေဆိုင်တချို့က အရောင်းဝန်ထမ်း မထားတော့တာ၊ မိသားစုပဲ ရောင်းတော့တာ၊ တချို့ဆိုင်တွေက ဝန်ထမ်းလျှော့ချတာ စတဲ့ အခြေအနေတွေကြောင့် ရွှေဆိုင်တွေကို မှီခိုနေရတဲ့သူတွေ အခက်အခဲ ရှိလာတယ်လို့ ရွှေဆိုင် အရောင်းဝန်ထမ်းတွေက ဆိုပါတယ်။

ဟင်္သာတမြို့က ရွှေအရောင်းဝန်ထမ်းတယောက်က “အမတို့ရွှေဆိုင်က အဖမ်းအဆီး အစစ်အဆေးတွေကြောင့် ပိတ်ခဲ့တာ။ ရပ်တည်လာတာ ၁၇ နှစ်ကျော်ပြီ။ အရင်က အဲ့ကရတဲ့ လစာလေးနဲ့ မိသားစု စားဝတ်နေရေးကိစ္စတွေကို ဖြေရှင်းရတာလေ။ အခုကျတော့ အလုပ်ပြုတ်တာ ၂ လကျော်ကျော်လောက် ရှိနေပြီ။ အလုပ်သစ်ကလည်း ရှာမရ‌သေးဘူး။ ပြန်အဆင်ပြေချင်တယ်၊ အရင်လို အရောင်းအဝယ်တွေ လွတ်လွတ်လပ်လပ် အဆင်ပြေပြေ လုပ်ချင်တယ်။ အရင်အတိုင်း ပုံမှန်အခြေအနေရောက်ပြီး အဆင်ပြေချင်တယ်” လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကြောင့် ရွှေအချောထည်လုပ်တဲ့ ပန်းထိမ်ပညာရှင်တွေ၊ အကြမ်းထည်လုပ်တဲ့ ပန်ထိမ်ပညာရှင်တွေ၊ အရောင်းဝန်ထမ်းတွေ၊ စာရေးဝန်ထမ်းတွေ၊ ကျောက်နဲ့ အခြား ရွှေလုပ်ငန်းနဲ့ ဆက်စပ်လုပ်ငန်းတွေမှာ လုပ်ရတဲ့ ဝန်ထမ်းတွေ အလုပ်ပြုတ်သွားလို့ အဓိက အခက်အခဲ အကျပ်အတည်းတွေ ဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းက ရွှေဆိုင်တွေ အများစုဟာ အခုလို ဇွန်လ စပါးတွေပေါ်၊ ပဲတွေပေါ်တဲ့ အချိန်မှာ အရောင်းအဝယ် ကောင်းလေ့ရှိပေမဲ့ အခုတော့ အရောင်းအဝယ်မရှိသလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013