မြောက်ကိုရီးယားဟာ ထိပ်ဖူးအများအပြားကို သယ်ဆောင်ထားတဲ့ ဒုံးကျည်တွေကို တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်ထားတဲ့ အရေးကြီး စမ်းသပ်မှုတခုကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြား KRT က ဇွန် ၂၇ ရက်မှာ ကြေညာပါတယ်။
တောင်ကိုရီးယားနိုင်ငံကတော့ ဒါဟာ မအောင်မြင်တဲ့ ပစ်လွှတ်မှုကို ဖုံးကွယ်ဖို့ လှည့်ဖြားမှုအဖြစ် ငြင်းဆိုထားပါတယ်။
ကြာသပတေးနေ့မှာ KRT သတင်းဌာနဟာ စမ်းသပ်ပစ်လွှတ်မှု လုပ်နေကြောင်း ပြထားတဲ့ ရုပ်ငြိမ်ဓာတ်ပုံ ၃ ပုံကို ထုတ်ပြန်ခဲ့ပြီး “ကိုရီးယား ဒီမိုကရက်တစ် ပြည်သူ့သမ္မတနိုင်ငံ မြောက်ကိုရီးယားရဲ့ ဒုံးကျည်ဌာနချုပ်က ဇွန်လ ၂၆ ရက်နေ့မှာ စမ်းသပ်မှုကို အောင်အောင်မြင်မြင် ပြုလုပ်ခဲ့ကြောင်းနဲ့ စမ်းသပ်မှုကို တာလတ်နဲ့ တာဝေးပစ် ပဲ့ထိန်းဒုံးကျည်တွေကို အခြေခံပြီး လောင်စာခဲ တပ်ဆင်ထားတဲ့ ပထမအဆင့် အင်ဂျင်ကို အသုံးပြုခဲ့တယ်”လို့ သတင်းမှာ ဖတ်ကြားသွားပါတယ်။
ပစ်မှတ်မျိုးစုံကို အမှီအခိုကင်းကင်း ချိန်ရွယ်ထားနိုင်ကာ နေရာဆီ ပြန်ဝင်ရောက်လာတဲ့ယာဉ်နဲ့ လမ်းညွှန်ထိန်းချုပ်မှု စမ်းသပ်ချက် အများအပြားကို အောင်မြင်စွာ ခွဲထုတ်နိုင်ခြင်းတွေနဲ့အတူ ဒုံးပျံနည်းပညာမြှင့်တင်ရေး ရည်မှန်းချက်အတွက် သိသာထင်ရှားတဲ့ မှတ်တိုင်တခုကို အောင်မြင်သွားပြီလို့ မြောက်ကိုရီးယားက ပြောပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန် စစ်တပ်တို့ရဲ့ ပူးတွဲခွဲခြမ်းစိတ်ဖြာမှုအရတော့ မနေ့က မြောက်ကိုရီးယားက ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ဟာ ပျံသန်းမှု အစောပိုင်းအဆင့်မှာပဲ အစိတ်စိတ်အမြွှာမြွှာအထိ ပေါက်ကွဲသွားတာကို ထောက်ပြခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က ကြာသပတေးနေ့မှာ ပြောပါတယ်။
ဒါပေမဲ့ မြောက်ကိုရီးယားက ဒီမနက်မှာ မတူညီတဲ့ အချက်အလက်တွေကို ထုတ်ပြန်ခဲ့ပြီး ဒါဟာ လှည့်စားမှုနဲ့ ချဲ့ကားမှုတခုသာ ဖြစ်တယ်လို့ ယူဆထားကြောင်း တောင်ကိုရီးယားရဲ့ ပူးတွဲစစ်ဦးစီးချုပ် (JCS) မှ ပြည်သူ့ရေးရာဒါရိုက်တာ ဗိုလ်မှူးကြီး အီဆွန်းဂျွန်းက ပြောပါတယ်။
Source-Reuters