မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်း မြို့ပေါ်ရပ်ကွက်မှာ ဇွန် ၂၇ ရက် မနက် ၈ နာရီဝန်းကျင်က စတင်ပြီး စစ်ကောင်စီတပ်နဲ့ TNLA တပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီး နေအိမ်အပေါ်ကျတာကြောင့် နေအိမ်အချို့ မီးလောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း အေးစေတီမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ခလရ ၈၈ လက်အောက်ခံ လပခ၊ ခလရ ၁၄၈ တပ်စခန်းကို ဇွန် ၂၇ ရက် မနက်ပိုင်းမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။
မိုးကုတ်အနောက်ပိုင်းမှာ နေထိုင်သူတဦးက “မြို့တွင်းရပ်ကွက်မှာ တိုက်ပွဲပြင်းထန်နေပါတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပဲ၊ ဂျက်ဖိုက်တာလည်း ရဲစခန်းနားကို လာကြဲသွားတယ်။ လက်နက်ကြီးကျလို့ အိမ်တချို့ မီးလောင်နေတယ်။ အိမ်မှာ သက်ကြီးရွယ်အိုတွေ ရှိတယ်လို့ သိထားရတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းက ရဲစခန်းအနီး နေထိုင်သူတွေ မြို့ပြင်ကို ပြောင်းရွှေ့နေပြီး အခုလက်ရှိ မိုးကုတ်မြို့တွင်းမှာ စစ်ကောင်စီတပ်နဲ့ TNLA တပ်တွေ တိုက်ပွဲ ဆက်ဖြစ်နေပါတယ်။
တိုက်ပွဲပြင်းထန်နေတဲ့ မိုးကုတ်အနောက်ပိုင်း ကျပ်ပြင်ရပ်ကွက်၊ ကျပ်ပြင်ရဲစခန်းနားကို စစ်ကောင်စီတပ်က ဇွန် ၂၇ ရက် နေ့ခင်း ၁ နာရီကျော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးတလုံး ကြဲချခဲ့ပါတယ်။