စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ရွှေဆိုင် ဓားပြတိုက်မှုမှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတယောက်ဟာ နိုဝင်ဘာ ၁၂ ရက်မှာ လာရောက်အဖမ်းခံခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (မုံရွာမြို့နယ်-ပလဖ) ဆီကနေ သိရပါတယ်။
မုံရွာမြို့နယ်-ပလဖ ပြန်ကြားရေးတာဝန်ခံတယောက်က “မုံရွာမြို့ပေါ်က နဝရတ်ရွှေဆိုင် ဓားပြတိုက်မှုဖြစ်စဥ်မှာ ပါဝင်ခဲ့တဲ့ အမျိုးသမီးတဦးက သူ့သဘောဆန္ဒနဲ့သူ ၁၂ ရက်နေ့မှာ ကျနော်တို့ဆီကို ဆက်သွယ်ပြီး လာရောက်အဖမ်းခံခဲ့တာပါ” လို့ ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်စဥ်တွေမှာ ပါဝင်ပြီး လာရောက်အဖမ်းခံသူဟာ အသက် ၂၂ နှစ်အရွယ် မေလရောင် (ခေါ်) အမွှေစိန် ဖြစ်တယ်လို့ သိရပါတယ်။
မုံရွာမြို့နယ် ပလဖ တာဝန်ခံတယောက်က “အခု လာပြီးအဖမ်းခံတဲ့ အမျိုးသမီးကို လိုအပ်တဲ့ စစ်ဆေးမှုတွေ လုပ်နေပါတယ်။ နောက်ထပ် ကွင်းဆက်တရားခံတွေ ကျန်နေသေးလို့ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး။ အဲဒီ ဓားပြတိုက်မှုဖြစ်စဥ်တွေထဲမှာ ပါဝင်ခဲ့တဲ့သူ ၃ ယောက်ကိုလည်း ဖမ်းဆီးရမိထားပါသေးတယ်။ စစ်ဆေးမှုတွေပြီးရင်တော့ သူတို့တွေကို ဥပဒေနဲ့အညီ ဆက်လက်အရေးယူ ဆောင်ရွက်သွားမှာပါ” လို့ DVB ကို ပြောပါတယ်။
ဓားပြတိုက်မှုဖြစ်စဥ်တွေမှာ ပါဝင်ခဲ့ကြသူတွေ အနေနဲ့လည်း အချိန်မလွန်ခင် အမြန်ဆုံး လာရောက်အဖမ်းခံကြဖို့ တိုက်တွန်းထားတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ဓားပြတိုက်မှုဖြစ်စဥ်တွေမှာ ပါဝင်ခဲ့ကြတဲ့ ဗလ (ခေါ်) သန်းကျော်အေး အသက် ၂၉ နှစ်၊ ဇီးကွက် (ခေါ်) ကျော်ထက် အသက် ၂၄ နှစ်၊ ရှမ်းလေး (ခေါ်) ရန်မျိုးနိုင် အသက် ၃၇ နှစ် တို့ကို ဓားပြတိုက်ရာမှာ အသုံးပြုခဲ့တဲ့ လက်နက်တွေနဲ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဖမ်းဆီးရမိခဲ့တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နဲ့ ၂၆ ရက်နေ့တွေမှာ မုံရွာမြို့ပေါ်က နဝရတ်ရွှေဆိုင် အပါအဝင် နေရာ ၃ နေရာ ဓားပြတိုက်ခံခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်က လူနေအိမ်တွေ အပါအဝင် ရွှေဆိုင်၊ ဖုန်းဆိုင်တွေနဲ့ စတိုးဆိုင်တွေ မကြာခဏ ဓားပြတိုက်ခံခဲ့ရပြီး လူထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့လည်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ဆီကနေ သိရပါတယ်။