မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ဓားပြမှုတွေမှာ ပါဝင်တဲ့ ရွာသားတယောက်ကို နိုဝင်ဘာ ၂၉ ရက်မှာ ဖမ်းဆီးရမိတယ်လို့ ညောင်ဦး ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“ညောင်ဦးမြို့နယ်ထဲက ဓားပြတိုက်မှုတွေမှာ ပါဝင်ခဲ့တဲ့ ဒီမြို့နယ်ထဲက ကကြဲရွာသား အသက် ၃၀ ဝန်းကျင် လှယမင်းကို ဖမ်းမိခဲ့တာပါ။ အခုတော့ တာဝန်ရှိသူတွေက စစ်ဆေးမှု ဆောင်ရွက်နေကြပါတယ်။”
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ညောင်ဦးမြို့နယ်မှာ ပြည်သူတွေဟာ မကြာခဏ ဓားပြတိုက်ခံရတာတွေ ကြုံတွေ့နေရပြီး အနည်းဆုံး ဓားပြမှု ၁၀ မှုထက်မနည်းဖြစ်ပွားခဲ့တာမှာ အာဏာပိုင်တွေလည်းပါဝင်ပတ်သက်နေတယ်လို့လည်း ဆိုပါတယ်။
ညောင်ဦး ပကဖ တာဝန်ခံ ကိုဇီးက “အာဏာအသိမ်းခံရပြီးနောက်ပိုင်း ကျနော်တို့ ညောင်ဦးမြို့နယ်ထဲမှာ ဓားပြမှု ၁၀ မှုထက်မနည်း ဖြစ်ခဲ့တယ်။ တရားခံကို စစ်ဆေးပြီး သလောက်တော့ သူတို့က ညောင်ဦး စသုံးလုံးက အရာရှိတွေနဲ့ပေါင်းပြီး ဓားပြတိုက်တဲ့အလုပ်တွေ လုပ်ရတယ်။ အခုဖမ်းမိတဲ့တရားခံက ကျနော်တို့ ညောင်ဦးမြို့ပေါ်က ရွှေဆိုင်ဓားပြမှုနဲ့ ဒီမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြမှု ၄ မှုမှာ သူပါတယ်။ စသုံးလုံးက အရာရှိတွေ အပါအဝင် သူတို့အဖွဲ့က ၇ ယောက်ပါ။ ဓားပြမှုတွေကို သူတို့တွေ ပေါင်းလုပ်ကြပြီးတော့ PDF ကလုပ်ပါတယ်ဆိုပြီး အသံလွှင့်တယ်။ စသုံးလုံးကကောင်တွေက သူခိုးကြမ်းပိုးတွေ မွေးထားပြီး အဲလိုတွေလုပ်ခိုင်းနေတယ်လို့ စစ်ဆေးပေါ်ပေါက်တယ်” လို့ DVB ကို ပြောပါတယ်။
ညောင်ဦးမြို့နယ်အတွင်း အလားတူ ဓားပြမှုဖြစ်စဉ်တွေမှာ ကျူးလွန်ခဲ့တဲ့ တရားခံတွေကို ဖမ်းဆီးရမိရေးနဲ့ နောက်ထပ် ဓားပြမှုတွေ ထပ်မံမဖြစ်ပွားစေရေးအတွက်လည်း စီစဉ်ဆောင်ရွက်နေတယ်လို့ ညောင်ဦး ပကဖက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၁၃ ရက်က ညောင်ဦးမြို့နယ်အတွင်းက ကျေးရွာတခုမှာ ဓားပြတိုက်ခံရလို့ ငွေသားသိန်း ၁,၀၀၀ ကျော်နဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ပါသွားခဲ့တယ်လို့လည်း သိရပါတယ်။
ညောင်ဦးမြို့နယ်အတွင်း ဓားပြတိုက်မှုဖြစ်စဥ်တွေရဲ့ အသေးစိတ်အခြေအနေကို သိရှိနိုင်ဖို့ ညောင်ဦးမြို့မရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ တာဝန်ကျဝန်ထမ်းက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။