တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်က ကျေးရွာတွေဆီသွားတဲ့လမ်းတွေကို စစ်ကောင်စီက ဖျက်ဆီးပိတ်ဆို့သလို မိုင်းတွေလည်းထောင်ထားတယ်လို့ ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။
တကူကျေးရွာအုပ်စုဘက်ကို သွားလာတဲ့ ဇဝဲ-ဖာနီရွာကူးတံတားကို စစ်ကောင်စီက နိုဝင်ဘာ ၄ ရက်နေ့မှာ ဘူဒိုဇာကားတွေနဲ့ မြေတွေပုံထားပြီး တံတားမှာလည်း မိုင်းတွေထောင်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီနောက် တကူအုပ်စုဘက်ကိုသွားလာတဲ့ ရမ်းဖို-ဖာနီရွာလမ်း ၂ ခုကိုလည်း လုံခြုံရေးချ ပိတ်ဆို့လိုက်ပြီး ဖြတ်သန်းခွင့်မပေးတော့ဘူးလို့ ဒေသခံတယောက်က ပြောပါတယ်။
“ဇဝဲနဲ့ ဖာနီကို ဆက်ထားတဲ့ တံတားပေါ်မှာ လူတရပ်စာမြင့်တဲ့ မြေစာပုံထားတယ်။ ပြီးတော့ မိုင်းထောင်ထားတယ်လို့ သိရတယ်။ မဖောက်ခွဲသေးပါဘူး။ နောက်ထပ် ကားလမ်းတွေကို ပိတ်ဦးမယ်ဆိုပြီးတော့ စစ်တပ်နဲ့ရင်းနှီးတဲ့သူတွေဆီက ကြားရတာတော့ ရှိတယ်” လို့ ပြောပါတယ်။
အရင်က ကုန်ကားတွေဟာ တနင်္သာရီမြို့စစ်ဆေးရေးဂိတ်တွေကိုဖြတ်ပြီးမှ ဗောဓိကမ်း၊ ဘန်လော၊ ညောင်ပင်ကွင်းနဲ့ တကူအုပ်စုတို့ကိုသွားကြတာဖြစ်ပြီး ဂိတ်မှာရှိတဲ့ စစ်တပ်အရာရှိတွေကို ပိုက်ဆံပေး သွားလာရတာဖြစ်တယ်လို့ သိရပါတယ်။
အခုနောက်ပိုင်းမှာတော့ ကုန်ကားတွေက တနင်္သာရီမြို့ဘက်ကနေ မသွားတော့ဘဲ ကျေးရွာတွေမှာ နားပြီး ကုန်တင်ကုန်ချလုပ်ကြလို့ အခုလို ပိတ်ဆို့တာဖြစ်နိုင်တယ်လို့ ကားသမားတွေနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။
“ဇဝဲ၊ ရမ်းဖို၊ ဖာနီလမ်းအပိုင်းတွေကို ပိတ်ချရတာ တနင်္သာရီမြို့ပါ်မှာတာဝန်ကျနေတဲ့ စရဖတွေနဲ့ ဇဝဲတပ်ရင်းမှာ ကျနေတဲ့ စကစတွေဝေစုမတည့်ကြလို့ကြားတယ်။ ကုန်ကားတွေက စရဖဗိုလ်ကြီးတွေကို လာဘ်ထိုးပြီး တက်ကြရတယ်။ နောက်ပိုင်းတော့ အဲဒီကုန်ကားတွေက တနင်္သာရီဘက်ကို မတက်ကြတော့ဘဲ ကျန်တဲ့ကျေးရွာတွေမှနားပြီး ကုန်ချတော့ စရဖဗိုလ်ကြီးတွေမှာ ပိုက်ဆံမရတော့လို့ ကုန်တင်ကုန်ချလမ်းတွေကိုပိတ်ပြီး လိုက်ဖျက်ဆီးနေကြတာပေါ့” လို့ ပြောပါတယ်။
ဇဝဲကျေးရွာမှာ စစ်ကောင်စီရဲ့ ခမရ ၅၅၆ တပ်ရင်းအခြေစိုက်ထားပြီး မြိတ်ကနေ တနင်္သာရီဘက်ကိုလာရင် ဇဝဲရွာကို မဖြစ်မနေဖြတ်ပြီးမှ သွားရတာဖြစ်ပါတယ်။
ဇဝဲ-ရမ်းဖို-ဖာနီလမ်း ပိတ်ဆို့ပြီးနောက် စစ်ကောင်စီတပ်ကြားမှာ မပြေလည်မှုတွေရှိတယ်လို့ ကြားသိရပြီး နိုဝင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်ဝန်းကျင်လောက်က ခမရ ၅၅၆ တပ်ရင်းထဲမှာ သေနတ်ပစ်ခတ်မှုဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီကနေ သတင်းသိရကြောင်း ဒေသခံတွေက ဆိုပါတယ်။