Home
မြန်မာသတင်း
ကော့သောင်းတွင် စစ်တပ်က အင်အားသုံးသန်းခေါင်စာရင်းကောက်ပြီး ဒေသခံအချို့ကို ဖမ်းဆီး
DVB
·
November 22, 2024

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ရှမ်းကိုးရွာဒေသဘက်မှာ စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ကျေးရွာတွေကို စစ်ကြောင်းထိုးကာ သန်းခေါင်စာရင်းကောက်ယူပြီး အရပ်သားတွေကိုပါ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်အား ၈၀ ခန့်ရှိတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၁၁ ရက်လောက်တည်းကစပြီး ခမောက်ကြီး‌ဘက်ကနေ ရှမ်းကိုးရွာဒေသကို စစ်ကြောင်းထိုးလာပြီး ဆိပ်ဖူးရွာ၊ အောင်ချမ်းသာရွာ၊ မာရမ်းရွာနဲ့ ရေတွင်းတောင်ရွာတို့မှာ သန်းခေါင်စာရင်း လိုက်ကောက်ယူနေတာလို့ ဆိုပါတယ်။

သန်းခေါင်စာရင်း ကောက်ယူရာမှာလည်း ရွာက လူနေအိမ်တွေအားလုံးကို ကောက်ယူတာမျိုးမဟုတ်ဘဲ ရွာအစွန်အဖျားက နေအိမ်တချို့နဲ့ ရွာအလယ်ပိုင်းက နေအိမ်တချို့လောက်သာ စာရင်းကောက်ယူတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“ကောက်တဲ့နေရာမှာလည်း လုပ်ထုံးလုပ်နည်းအတိုင်းတို့၊ သန်းခေါင်စာရင်းသင်တန်းမှာ ပေးတဲ့အတိုင်း မဟုတ်ဘူး။ အိမ်ထောင်စုစာရင်း တောင်းကြည့်တယ်။ သူတို့ဘာသာ ဖြည့်လိုက်ကြတယ်။ ဘာမှလည်း သိပ်မမေးဘူး။ စာရင်းကောက်တဲ့ပုံစံအတိုင်း ဓာတ်ပုံရိုက်တယ်။ ကောက်ခံပြီးစီး‌ကြောင်း စာရွက်ပေးခဲ့တယ်။”

အောင်ချမ်းသာကျေးရွာအုပ်စု၊ ရေတွင်းတောင်ရွာဘက်မှာ နိုဝင်ဘာ ၁၇ ရက်လောက်က ရောက်ရှိနေတဲ့ အင်အား ၈၀ ခန့်ရှိ စစ်ကောင်စီစစ်ကြောင်းဟာ နောက်ထပ် အင်အားထပ်ဖြည့်တင်းထားပြီး နေအိမ်တွေမှာ သန်းခေါင်စာရင်း လိုက်ကောက်ယူနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရေတွင်းတောင်ရွာမှာ သန်းခေါင်းစာရင်း ကောက်ယူနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ နိုဝင်ဘာ ၂၀ ရက်က ရွာခံအမျိုးသားတွေဖြစ်တဲ့ ဦးခင်ဦးနဲ့ ကိုကျော်စိုးတို့ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။

“သူတို့က သာမန်အရပ်သားတွေပါပဲ။ ဘာကြောင့်ဖမ်းတယ်တော့ မသိဘူး။ လောလောဆယ် ရေတွင်းတောင်မှာ စစ်ကြောင်းရှိနေတုန်းပဲ။ ဖမ်းထားတဲ့ ၂ ယောက်ကို ခမောက်ကြီးကိုပဲ ပို့မလားတော့ မသိဘူး။”

နိုဝင်ဘာ ၁၆ ရက်ကလည်း အောင်ချမ်းသာရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီးနောက် အသက် ၅၀ အရွယ် ဦးအောင်ဝင်းနဲ့ အသက် ၃၀ အရွယ် ကိုသားကြီးတို့ကို ဖမ်းဆီးပြီး ခမောက်ကြီးဘက်ကို ပို့လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီမတိုင်ခင် နိုဝင်ဘာ ၁၂ ရက်မှာလည်း ဆိပ်ဖူးရွာသား ကိုသားကြနဲ့ မာရမ်းရွာသား ကိုပိုင်ပိုင် တို့ကို သတင်းပေးလို့ စွပ်စွဲပြီး ဖမ်းဆီးသွားတယ်လို့ သိရကာ ခမောက်ကြီးဘက်ကို ပို့ဆောင်လိုက်ပြီလို့ ပြောပါတယ်။

စစ်ကြောင်းစထိုးတဲ့ နိုဝင်ဘာ ၁၁ ရက် နေ့လယ်လောက်မှာ စစ်ကောင်စီတပ်သားတွေကို ‌ကော့သောင်းပကဖအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကြောင်းမှာ သေဆုံးသူနဲ့ ဒဏ်ရာရသူတွေကို ခမောက်ကြီးဘက် ကားတစီးနဲ့ ပို့ဆောင်လိုက်တယ်လို့ ကော့သောင်းပကဖအဖွဲ့ဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024