မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေး - ထားဝယ်လမ်းပိုင်းရှိ ကိုးမိုင်တံတား နိုဝင်ဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းက မိုင်းခွဲခံရတာကြောင့် မော်တော်ယာဥ်တွေ ဖြတ်သန်းသွားလာလို့ မရတော့ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ရေးမြို့နယ်အပိုင် ကိုးမိုင်ကျေးရွာအနီးရှိ ကိုးမိုင်တံတားမှာ ဒီနေ့မနက် ၂ နာရီခန့်က မိုင်းပေါက်ကွဲခဲ့တာကြောင့် ဒေသခံတွေနဲ့ ခရီးသွားမော်တော်ယာဥ်တွေ အခက်ခဲဖြစ်နေတယ်လို့ ရွာခံတယောက်က ပြောပါတယ်။
“မိုင်းကွဲတဲ့အသံက တော်တော်ကျယ်တာ။ လူတွေမထိခိုက်ဘူး ဆိုပေမဲ့ တံတားနားက အိမ်တွေတော့ တံခါးမှန်တွေ ကွဲသွားတယ်။ ဒီမနက်ပိုင်းမှ စစ်တပ်က စစ်ကား ၁၀ စီးလောက်ရှိမယ် ရောက်လာပြီးတော့ စစ်ဆေးနေတာ။ ကားတွေတော့ ပေးမဖြတ်သေးဘူး။”
မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ ကိုးမိုင်တံတားကို ပြီးခဲ့တဲ့ ၂၀၀၂ ခုနှစ်က တည်ဆောက်ခဲ့တာဖြစ်ပြီး ရေး-ထားဝယ်သွား ကားလမ်း မိုင်တိုင်အမှတ် ၁၀၇/(၁) နဲ့ ၁၀၇/(၂) ကြားမှာ တည်ရှိကြောင်းနဲ့ တံတားအမှတ် ၁/၁၀၈၊ အလျား ၁၈၀ ပေ၊ အနံ ၃၄ ပေ ရှည်လျားတဲ့ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း ဒေသခံတွေထံက သိရပါတယ်။
ကိုးမိုင်တံတား မိုင်းခွဲဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဒေသခံ တော်လှန်ရေးအဖွဲ့တခုဖြစ်တဲ့ ရေးဘီလူးအဖွဲ့က မိမိတို့လုပ်ဆောင်ချက် မဟုတ်ကြောင်းနဲ့ ဘယ်အဖွဲ့က လုပ်ဆောင်သွားတယ် ဆိုတာကို DVB အနေနဲ့လည်း သီးခြားအတည်မပြုနိုင်သေးပါဘူး။
လက်ရှိမှာ မိုင်းခွဲပျက်စီးခဲ့တဲ့ ကိုးမိုင်တံတားပေါ်ကို ဆိုင်ကယ်နဲ့ စက်ဘီးတွေသာ သွားလာခွင့်ပြုထားပြီး မော်တော်ယာဥ်တွေကိုတော့ ကန့်သတ်ပိတ်ပင်ထားကြောင်း သိရပါတယ်။