တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ဝါရစ်ကျေးရွာမှာ နိုဝင်ဘာ ၁၇ ရက် ညနေပိုင်းက အရပ်သားပြည်သူ ၅ ယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရသူ ၅ ယောက်က ဝါရစ်ကျေးရွာနဲ့ ဆန်းသစ်ကျေးရွာက အရပ်သားပြည်သူတွေ ဖြစ်ပြီး စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးကာ မောင်းလှော်ရွာကို ခေါ်ဆောင်သွားတာ ဖြစ်တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“တိုက်ပွဲနဲ့ ဆက်စပ်ပြီးတော့ စွပ်စွဲတာပေါ့၊ သတင်းပေးတယ်ဆိုပြီး ဖမ်းခေါ်သွားတာပါ။ တိုက်ခိုက်သွားတယ်ဆိုတော့ သတင်းပေးဆိုပြီး သံသယနဲ့ ဖမ်းခေါ်သွားတာပါ။ ဖမ်းခေါ်သွားတဲ့ နေရာက မောင်းလှော်ရွာကိုပါ။”
ဒီမတိုင်ခင်က အဆိုပါနေ့ ညနေ ၄ နာရီခွဲလောက်က ဝါရစ်ရွာ လှေဆိပ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ်ကြောင်း ၂ က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တပ်စွဲထားတဲ့ အင်အား ၁၀ ယောက်ကျော်ရှိ စစ်ကောင်စီနဲ့ ပျူစောထီး တပ်သားတွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးတော့ ၅ ယောက် သေဆုံးကာ ၄ ယောက် ဒဏ်ရာရတယ်လို့ သိရကြောင်း ကျွန်းစုမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၅ ယောက်ထဲမှာ ကိုဆန်းငယ်နဲ့ သူ့အမျိုးသမီးတို့ ပါဝင်ပြီး စစ်ကောင်စီတပ်သားတွေ ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့အချိန် သူတို့စီးလာတဲ့ ကူးတို့လှေက ကမ်းကိုလာကပ်တဲ့အတွက် သတင်းပေးသူတွေဆိုပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေက ဝါရစ်ကျေးရွာဘက်မှာ အင်အားအများအပြားရှိနေပြီး တနင်္သာရီမြို့နယ်ဘက်ကို စစ်ကြောင်းထိုး သွားလာတာတွေ ရှိသလို ထိတွေ့တိုက်ပွဲ ဖြစ်လေ့ရှိတာကြောင့် ရွာသားတွေမှာ မကြာခဏ စစ်ရှောင်ထွက်ပြေးရလေ့ရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။