တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တကူကျေးရွာမှာ အငြိမ်းစားဆရာမတယောက် အသတ်ခံရတဲ့အမှု တလကျော်ကြာပြီဖြစ်ပေမဲ့ တရားခံကို ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးလို့ အမှုမှန်ပေါ်စေချင်တယ်လို့ သေဆုံးသူရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
မိသားစုနဲ့ ဆွေမျိုးတော်စပ်သူတယောက်က “ကျနော်ကတော့ ဒီအမှုကို မြန်မြန်ပေါ်စေချင်တယ်။ ကိုယ့်သွေးသားရင်းလို့ မဟုတ်ဘူး၊ ဘယ်သူမဆို အမှုမှန်ပေါ်ပေါက်စေချင်တယ်။ အမှုမှန်ပေါ်မှ ဒီလိုလုပ်ရင် ဒီလိုဥပဒေ ရှိတယ်ဆိုတာ သိသွားမှာပါ။ အမှုမှန်ပေါ်ပြီး တကယ်လုပ်တဲ့ တရာခံအစစ်ကိုပဲ လိုချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၈ ရက်က အသက် ၆၀ အရွယ် ဒေါ်စီစီနွယ်ဟာ နေအိမ်အနီးအနားရှိ ဥယျာဥ်ခြံထဲမှာ ဦးခေါင်းနဲ့ မျက်နှာ ဓားဒဏ်ရာတွေနဲ့ အသတ်ခံခဲ့ရတာပါ။
ဒေါ်စီစီနွယ် အသတ်ခံရပြီးတဲ့နောက် မိသားစုဘက်က အောက်တိုဘာ ၁၈ ရက်မှာ အမှုဖွင့်ခဲ့တယ်လို့ တနင်္သာရီမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ဆီက သိရပါတယ်။
အဆိုပါအမှုနဲ့ပတ်သက်ပြီး တနင်္သာရီမြို့နယ်၊ ပြည်သူ့လုံခြုံရေးအဖွဲ့ တာဝန်ရှိသူတယောက်က “သေဆုံးသူနေအိမ် အနီးအနားက ဒေသခံ ၂၀ ကျော်ကို ခေါ်ယူစစ်ဆေးတာတွေ လုပ်တယ်။ အခင်းဖြစ်တဲ့နေရာမှာ မိုးရွာတာနဲ့ အခင်းဖြစ်တဲ့နေရာ ပျက်စီးသွားတာဟာ ကျနော်တို့အတွက် တရာခံရှာရတာ အခက်အခဲဖြစ်သွားတယ်” လို့ ပြောပါတယ်။
အခုလက်ရှိမှာတော့ အမှုပေါ်ပေါက်ဖို့အတွက် ပြည်သူ့လုံခြုံရေးအဖွဲ့တွေက ဆက်လက်ဆောင်ရွက်နေပြီး သံသယရှိတရားခံ မိရင်တောင်မှ ပစ္စည်းသက်သေနဲ့ မျက်မြင်သက်သေ မရှိတဲ့အတွက် အခက်အခဲရှိနိုင်တယ်လို့ ပလဖ တာဝန်ရှိသူတယောက်က ဆက်ပြောပါတယ်။
တကူရွာသားတယောက်က “ကျနော်ကတော့ ဒီအမှုကို ပေါ်စေချင်တယ်။ ပေါ်မှသာ ဒီဒေသမှာရှိတဲ့လူတွေ အေးအေးချမ်းချမ်း အလုပ်လုပ်ကိုင်ရမှာလေ။ အမှုက ရွာထဲမှာလည်း ဖြစ်တဲ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေလည်း ဖြစ်တဲ့အတွက် ပေါ်စေချင်တယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်ကလည်း ဇဝဲကျေးရွာအုပ်စုရှိ ဖာနီကျေးရွာမှာ ဥယျာဥ်ခြံအတွင်းနေထိုင်တဲ့ ဒေသခံလင်မယား ၂ ယောက် အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။