မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ ပစ်ခတ်ခံရပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြည်သူတွေကို ဖမ်းဆီးရိုက်နှက်ကာ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ယူဆောင်နေတယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
အမည်မဖော်လိုတဲ့ မြို့ခံတယောက်က “သူတို့ရဲတွေ အပစ်ခံရပြီး နောက်ရက်ကတည်းက စစ်သားတွေ ပွဲကြမ်းနေတာ။ ပြည်သူတချို့ ဖမ်းဆီးရိုက်နှက်ခံရတာတွေ ရှိတယ်။ အိမ်တွေထဲကို ဝင်ပြီးတော့လည်း သူတို့လိုချင်တဲ့ ပစ္စည်းတွေကို အတင်းယူသွားကြတယ်။ မြို့တောင်ပိုင်းက ရွာသာအေးရပ်ကွက်ထဲက အိမ်တွေ ခံရတာများတယ်။ ကားတွေ သုံးဘီးတွေကို ချောဆွဲပြီးတော့ကို ပစ္စည်းတွေသယ်နေကြတာ မြို့သာစက်မှုဇုန်ဘက်ကို” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်မှာ သွားလာနေကြတဲ့ ပြည်သူတွေကိုလည်း လမ်းပေါ်မှာတင် ရိုက်နှက်စစ်ဆေးတာတွေ ပြုလုပ်နေကြတယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က ဆီမီးခုံမြို့ပေါ်မှာ ရဲတပ်ဖွဲ့ဝင် ၃ ယောက် ပစ်ခတ်ခံရပြီး ၂ ယောက် သေဆုံးကာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သေနတ် ၃ လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ ပျူစောထီးအင်အားတွေ တိုးမြှင့်ချထားခဲ့ပြီးနောက် အခုလို လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
မိုင်းဇာနည် ပြောက်ကျားတပ်ဖွဲ့ရဲ့ တာဝန်ခံက “ဒီကောင်တွေ ရှက်ရမ်းရမ်းပြီး ပြည်သူကို ပြဿနာရှာနေတယ်။ ကြွက်မနိုင် ကျီမီးနဲ့ရှို့ ဆိုသလို လုပ်နေတာ။ ပျူအားကောင်းတဲ့ ဆုံရွာဘက်က ကောင်တွေလည်း ဇောင်းကြွနေပြီး ပြည်သူပိုင် ဆိုင်ကယ်တွေကို ပေါ်တင်ခိုးနေကြတယ်လို့ ကျနော်တို့ဆီကို သတင်းဝင်ထားတယ်။ သူတို့ဘက်က လှုပ်ရှားမှုတွေကိုလည်း ကျနော်တို့ဘက်က မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။
ဆီမီးခုံမြို့မှာ စစ်ကောင်စီတပ် အင်အားအများအပြား တပ်စွဲနေကြပြီး အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဟာ မြင်းခြံမြို့နယ်အပြင် စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေအတွင်း စစ်ကြောင်းထိုးပြီး ကျေးရွာတွေကို မီးရှို့တာတွေ ပြုလုပ်နေကြတယ်လို့လည်း မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။