တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ရွာထဲဝင်ပြီး အရပ်သားနေအိမ်တလုံးကို ဓားပြတိုက်လုယက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက် ရိုက်နှက် အပြစ်ပေးခံလိုက်ရတယ်လို့ ရွာခံပြည်သူတွေဆီက သိရပါတယ်။
တနင်္သာရီမြို့နယ်၊ ပြင်ဝန်းရွာက ထန်းပင်ကုန်းမှာနေထိုင်တဲ့ လင်မယား ၂ ယောက်ကို ဒီဇင်ဘာ ၁၄ ရက် ည ၁၁ နာရီမှာ နေအိမ်ထဲဝင်ရောက်ပြီး သေနတ်နဲ့ ချိန်ကာ ဖုန်းနဲ့ ငွေသား ၃ သိန်း လုယူသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ကို ရမ်းဖိုရွာက စစ်ကြောင်းတပ်ရင်းမှူးကနေ ရိုက်နှက်အပြစ်ပေးခဲ့တာပါ။
ရွာခံအမျိုးသားတယောက်က “ဇဝဲတပ် ခမရ ၅၅၆ တပ်ရင်းကို သွားတိုင်လိုက်တာပါ။ သူတို့တပ်ရင်းနယ်မြေထဲမှာ ဒီလိုသွားလုပ်တော့ ပြန်စုံစမ်းပြီးစစ်ဆေးလိုက်ကြတာ၊ ကျူးလွန်သူ ၂ ယောက်ကို ပြန်စစ်ဆေးတာပေါ့။ တပ်ရင်းမှူးကတော့ အဆင့်ဆင့်မေးပြီး ဘယ်သူသွားတယ် ဘာညာပေါ့၊ သူတို့အထဲက ပြန်ဖော်ထုတ်တော့ အဲ့ဒီ ၂ ယောက်ကို အပြစ်ပေးလိုက်ကြတယ် “လို့ ပြောပါတယ်။
အဆိုပါ တပ်သား ၂ ယောက်ကို စစ်ကြောင်းမှူးကနေ ရိုက်နှက်အပြစ်ပေးခဲ့တာလို့လည်း ဒေသခံအမျိုးသမီးတယောက်က ပြောပါတယ်။
ရိုက်နှက်ခံရတဲ့ တပ်သား ၂ ယောက်ထဲက ၁ ယောက် ခေါင်းကွဲဒဏ်ရာပါရသွားတယ်လို့သိရပြီး နောက်ဆက်တွဲ အရေးယူအပြစ်ပေးလားဆိုတာတော့ မသိရဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
ရိုက်နှက်ခံရတဲ့ တပ်သား ၂ ယောက်ဟာ ရမ်းဖိုရွာမှာ တပ်စွဲထားတဲ့ စစ်ကြောင်းက တပ်ဖွဲ့ဝင်တွေဖြစ်ပြီး အဲ့ဒီနေ့မှာ ဆိုင်ကယ်တစီးနဲ့ ထန်းပင်ကုန်းကို မောင်းလာပြီး နေအိမ်တံခါးဖွင့်ခိုင်းကာ သေနတ်နဲ့ ခြိမ်းခြောက်လုယူသွားတာဖြစ်ပါတယ်။
အဲ့ဒီစစ်ကြောင်းဟာ ရမ်းဖိုရွာကို ရောက်နေတာ ၂ ပတ်ကျော်ကြာပြီဖြစ်ပြီး ရမ်းဖိုရွာ လူနေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲနေကြတယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။