Home
မြန်မာသတင်း
တနင်္သာရီမြို့နယ်၌ စစ်ကောင်စီယာဥ်တန်း တိုက်ခိုက်ခံရ
DVB
·
December 16, 2024

တနင်္သာရီတိုင်း၊ မြိတ်ဘက်ကနေ စစ်ကောင်စီတပ်သားအများအပြား တင်ဆောင်ပြီး ထွက်လာတဲ့ စစ်ယာဥ်တန်းကို ဒရုန်းနဲ့ ဗုံးကြဲတာရော မိုင်းဆွဲတိုက်ခိုက်တာပါ လုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းတော်လှန်‌ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဒီဇင်ဘာ ၁၆ ရက် မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ၁၁ စီး ယာဥ်တန်းကို တနင်္သာရီမြို့နယ်၊ ဘန်းလမွတ်ရွာ ဘုရားတောင် တောင်‌ခြေရင်းက ပေါင်းကူးနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ဒီနောက် ယာဥ်တန်းမရပ်နားပဲ ဆက်မောင်းလာချိန် ဘန်းလမွတ်ရွာက ကျောင်းကုန်း ‌(ဒေသအခေါ် လယ်ဦး)အလွန် လမ်းနှစ်ခွမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရတယ်လို့ တောဗုံးကြီးအဖွဲ့ ရဲ့ ပြန်ကြား‌ရေးတာဝန်ရှိသူက ပြောပါတယ်။

“ရှေ့တစီးနဲ့နောက်တစီး မောင်းတဲ့ကြားထဲ ဒရုန်းဗုံးသီးကျတာပါ။ ယာဥ်တန်းဆက်ပြီး တက်လာတော့ မိုင်းက ဘယ်အစီးမှာ ထိတယ်ဆိုတာ အတိအကျပြောလို့ မရဘူး။ ကားတွေက ပုံပြောင်းကားတွေပါ။ အရင်က တရုတ်ကားကြီးကို ဆေးအရောင်ခြယ်ပြီးတော့ ပုံပြောင်းထားတယ်။ ကားတော့ သူတို့ကားပဲ၊ အရပ်သားကားလိုမျိုး လုပ်ထားတာ“လို့ ပြောပါတယ်။

မနက်  ၉ နာရီလောက်မှာ နောက်ထပ် ထပ်တက်လာတဲ့ ယာဉ်တန်း ၄ စီးကိုလည်း ဘန်းလမွတ်ရွာနဲ့ ရမ်းဖိုရွာကြားမှာ ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့သေးတယ်လို့ ပြောပေမဲ့ ဒီတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

အဲဒီယာဥ်တန်းဟာ မြိတ်မြို့အခြေစိုက် ခလရ ၁၀၁ တပ်ရင်းက ထွက်လာတဲ့ ယာဥ်တန်းဖြစ်ပြီး စစ်ကောင်စီတပ်သား အင်အား ၃၀၀ ကျော်ရှိနိုင်တယ်လို့ တနင်္သာရီရိုးမအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ကားတွေက ခလရ ၁၀၁ တပ်က ထွက်လာတာဟုတ်ပေမဲ့ အခုထွက်လာတာက ခလရ ၁၀၁ တပ်မတခုတည်း မဟုတ်ဘဲ တိုက်/စည်း(ရွှေဒူး) ခမရ ၄၃၃ တပ်တွေလည်း ပါတယ်လို့ သတင်းကြားတယ်။ နောက်ပိုင်းတိုက်ပွဲပြင်းထန်လာဖို့ရှိတယ်။”

တိုက်ခိုက်ခံရတဲ့ စစ်ကောင်စီယာဥ်တန်းက အမရ ၃၀၆ အမြောက်တပ်မှာ ခဏနားပြီးနောက် အောက်‌ကင်းရွာအ‌ခြေစိုက်ခမရ ၅၅၇ တပ်ရင်းထဲကို ပြန်လည်ထွက်ခွာသွားပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေကို  Dragon Squad ဒရုန်းတပ်ဖွဲ့အပြင် တနင်္သာရီမြို့နယ်ပကဖ -ဇုန် ၃ တနင်္သာရီရိုးမအဖွဲ့နဲ့ တနင်္သာရီမြို့နယ်ပကဖ ဇုန်-၅ တောဗုံးကြီးအဖွဲ့တို့က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲ ၂ နာရီမှာ ညောင်ပင်ကုန်းရွာက နေအိမ်တအိမ်မှာ စုဝေးနေတဲ့ စစ်ကောင်စီတပ်သား ၁၀ ယောက်ကို ဒရုန်းအဖွဲ့ က ဗုံးသီးချတိုက်ခိုက်ခဲ့တာကြောင့် တပ်သား ၂ ယောက် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့ တနင်္သာရီမြို့နယ် ပကဖ ဇုန် ၅ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013