
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် ကားလမ်းမပေါ်က စစ်တပ်ဂိတ်စခန်းကို ဒီဇင်ဘာ ၁၄ ရက် မနက် ၃ နာရီဝန်းကျင်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိတယ်လို့ သိရပါတယ်။
ညောင်လေးပင်-မဒေါက် ကားလမ်းပေါ်က စစ်တပ်ရဲ့ မလူးတဲ ကာကင်းဂိတ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးကာ MA1 သေနတ် ၃ လက်၊ G3 သေနတ် ၂ လက်၊ တိုက်မိုင်း၊ နင်းမိုင်းတွေနဲ့ ခဲယမ်းတွေအပြင် စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆရာလေးက “မလူးတဲဂိတ်က ညောင်လေးပင်-မဒေါက် ကားလမ်းပေါ်မှာ ရှိတယ်ဆိုပေမဲ့ စစ်ကောင်စီရဲ့ ညောင်လေးပင်နဲ့ ရွှေကျင် အဓိက ဗျူဟာထောက်ပို့လမ်းကြောင်းဖြစ်နေလို့ လက်ဦးမှုရယူ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ ရွှေကျင်ဗျူဟာတို့၊ ၅၉၈ တို့ တပ်တွေရဲ့ လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းကို တတ်နိုင်သမျှ ဖြတ်တောက်နိုင်ဖို့ အခုလို ဆောင်ရွက်ရတာ ဖြစ်ပါတယ်” လို့ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲ၊ အမှတ် ၃၇၀၃ တပ်ရင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီဇင်ဘာ ၇ ရက်နဲ့ ၁၁ ရက်တွေမှာလည်း ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းက စစ်ရေးဗျူဟာအရ အရေးပါတဲ့ ဖာပွန်-ကမမောင်းလမ်းကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်တပ်စခန်းနဲ့ တောင်သုံးလုံးတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့ ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်စခန်းတွေ သိမ်းပိုက်ခံရတာနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။