စစ်ကိုင်းတိုင်း၊ မန္တလေး-မုံရွာလမ်းပေါ် မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကားတစီး မီးလောင်ဆုံးရှုံးခဲ့ကာ စစ်သားတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာရှိတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီလောက်က ဘိုးမင်းကြီးကင်းနဲ့ ဂွေးပင်တောကြားမှာ တကြိမ်၊ မအူဂိတ်အနီးမှာရှိတဲ့ မြေနဲရွာနဲ့ တံတားဖြူး အကြားမှာ တကြိမ် စုစုပေါင်း ၂ ကြိမ် ပြည်သူ့ကာကွယ်ရေးတပ်က ကြားဖြတ် မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
“စစ်ကိုင်းဘက်ကနေ လာတာ၊ စစ်တပ်က ဝမ်ပေါင်ကုမ္ပဏီဆီကို အက်စစ်သွားပို့တဲ့ တွဲကားတွေကို လုံခြုံရေးယူပေးဖို့။ စစ်ကိုင်း တပ်မ ၃၃ ကနေလိုက်လာတဲ့ စစ်ကားတွေပါ။ အဲဒီစစ်ကားတွေကို ဒီဘက်က ကြိုတင်စောင့်ပြီး တိုက်ခိုက်တာ။ စစ်ကားရော အက်ဆစ်ကားရော ပါတယ်။ မိုင်းဆွဲတဲ့နေရာတွေကတော့ ဘိုးမင်းကြီးကင်းနဲ့ ဂွေးပင်တောကြား တကြိမ် မိုင်းဆွဲခံရတယ်။ အဲဒီနေရာမှာ ဝမ်ပေါင်အက်ဆစ်တွဲကား ၃ စီး၊ စစ်တပ်ဂျမ်မာ ၂ စီး ရပ်နေတယ်။ အခုညပိုင်းအထိ အဲဒီနေရာမှာပဲ ရှိနေသေးတယ်။”
မအူဂိတ်အနီးရှိ မြေနဲရွာနဲ့ တံတားဖြူးအကြားမှာလည်း ပဒေသာမိုင်း ၁၇ လုံးနဲ့ မိုင်းဆွဲပြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ စစ်ကား ချောက်ထဲ ထိုးကျတယ်လို့လည်း ပြည်သူ့ကာကွယ်ရေးတပ်နဲ့ နီးစပ်သူက ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၅ ယောက် သေဆုံးပြီး လက်နက်ပစ္စည်းတွေ ပျက်စီးသွားတယ်လို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
တိုက်ပွဲဖြစ်တဲ့ နေရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်သားတယောက်ကို လက်နက်နဲ့အတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိထားတယ်လို့လည်း သိရပါတယ်။
မုံရွာ-မန္တလေး ကားလမ်းမပေါ် တိုက်ပွဲဖြစ်နေလို့ မုံရွာကနေ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်သို့ ထွက်တဲ့ အဝေးပြေး EXP ကားတွေနဲ့ မုံရွာကိုဝင်မယ့် ခရီးသည်တင်ကား အိမ်စီးကား အစီး ၇၀ ကျော်လောက် လမ်းပိတ်မိနေတယ်လို့လည်း သိရပါတယ်။