Home
မြန်မာသတင်း
ဂွအခြေစိုက် စစ်ကောင်စီတပ်ရင်းများကို AA စတင်တိုက်ခိုက်
DVB
·
December 15, 2024

ရခိုင်ပြည်နယ် တောင်ဘက်စွန်းက ဂွမြို့ထဲအထိ AA ရဲ့ ထိုးစစ်ရောက်ရှိလာပြီး စစ်ကောင်စီရဲ့ ခမရ ၅၆၃ တပ်ရင်းကို ဒီဇင်ဘာ ၁၃ ရက်နေ့ကတည်းက တိုက်ခိုက်နေပြီလို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သြဂုတ်လကတည်းက မြို့နဲ့ မိုင် ၄၀ ကျော်အကွာမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့ AA ရဲ့ ထိုးစစ်ဟာ ၄ လကျော်အတွင်း မြို့ပေါ်အထိ ရောက်ရှိလာတာဖြစ်ပြီး စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်လာတာ ဖြစ်ပါတယ်။

AA ဟာ ဒီဇင်ဘာ ၁၃ ရက် ညနေပိုင်းမှာ ခမရ ၅၆၃ ကို စတင်ထိုးစစ်ဆင် တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီက ဝေဟင်ပစ်ကူ၊ ရေကြောင်းပစ်ကူတွေနဲ့ ခုခံနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“ဂွမြို့ပေါ်အထိ AA ရဲ့ ထိုးစစ်က ရောက်နေပြီ။ ခမရ ၅၆၃ ကို စပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ရေကြောင်းတွေနဲ့ တောက်လျှောက်ပစ်ကူပေးထားသလို ဧရာဝတီဘက်က စစ်ကူတွေလည်း အင်အားဖြည့်တင်းမှုတွေ ရှိတယ်။ မြို့ပေါ်မှာတော့ ရဲစခန်းက ရဲတွေလည်း မရှိတော့ဘူး။ အကုန်ထွက်ပြေးသွားကြပြီ” လို့ပြောပါတယ်။

လက်ရှိအချိန်အထိလည်း ခမရ ၅၆၃ တပ်ရင်းနဲ့ ရဟိုင်းကွင်းအနီးမှာ စစ်ကောင်စီနဲ့ AA တို့ တိုက်ပွဲဖြစ်နေကြဆဲ ဖြစ်ပြီး စစ်ကောင်စီရဲ့ စစ်ကူစစ်ကြောင်းတွေကို AA က ကြားဖြတ် တိုက်ခိုက်တာတွေရှိတယ်လို့သိရပါတယ်။

လက်ရှိမှာ မြို့သိမ်းတိုက်ပွဲအထိ ရောက်လာပြီဖြစ်တာကြောင့် မြို့တွင်းမှာကျန်ခဲ့တဲ့ ပြည်သူပိုင်ပစ္စည်းတွေ အထိအခိုက် ပျက်စီးမှုနည်းဖို့ကို မျှော်လင့်နေရတယ်လို့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဂွမြို့ခံတယောက်က ပြောပါတယ်။

“စစ်ပွဲကတော့ မြို့ပေါ်ရောက်နေပြီလို့ ကျနော်တို့လည်း ကြားပါတယ်။ ကျနော်တို့ကတော့ စစ်ပွဲဆိုတာ လက်နက်ခဲယမ်းနဲ့ တိုက်နေကြတာကြောင့် မြို့ပေါ်မှာ ကျန်ခဲ့တဲ့ ပြည်သူပိုင် အိုးအိမ်တွေ ပျက်စီးမှာကို အရမ်းစိုးရိမ်တယ်။ ဂွမြို့ ဆိုတာက ချမ်းသာတဲ့မြို့ မဟုတ်ဘူး။ ပြည်သူတွေအနေနဲ့ တိုက်ပွဲတွေကို ရပ်တန့်နိုင်စွမ်းမရှိပေမယ့် နေရပ်ပြန်လာရင် နေစရာအိမ်လေးတွေတော့ ရှိစေချင်သေးတယ်” လို့ပြောပါတယ်။

ဂွမြို့နယ်ကဒေသခံ ၄ သောင်းနဲ့အထက်လောက်ဟာ သံတွဲ၊ ဧရာဝတီ၊ ရန်ကုန်ဘက်မှာ စစ်ဘေးတိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။

ဂွမြို့နယ်မှာ စစ်ကောင်စီအခြေစိုက်တပ်ရင်းတွေဖြစ်တဲ့ ခမရ ၅၆၂၊ ခမရ ၅၆၃ တို့ အခြေစိုက်ထားကြတာဖြစ်ပြီး အဲဒီတပ်ရင်း ၂ ခုလုံးကို စက်တင်ဘာလကတည်းက ဧရာဝတီတိုင်းအခြေစိုက် အနောက်တောင်တိုင်း စစ်ဌာနချုပ်လက်အောက်ခံအဖြစ် ပြောင်းလဲလိုက်ပြီး ဧရာဝတီဘက်က စစ်ကူတွေကို အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲ ၁ နှစ်ကျော်အတွင်းမှာ AA က မြို့နယ် ၁၃ ခုအထိ သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာ ဂွ၊ တောင်ကုတ်၊ အမ်းတို့ကို တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013