Home
ဆောင်းပါး
အာရက္ခတပ်တော် (AA) နဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်လာပြီဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ 
DVB
·
December 15, 2024

အစိုးရအလုပ်အကိုင် ခွဲတမ်းစနစ်ကို ဆန့်ကျင်တဲ့ ကျောင်းသားတွေ ဦးဆောင်တဲ့ လူထုအုံကြွမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၁၅ နှစ်ကြာ အတိုက်အခံမရှိဘဲ အေးအေးလူလူ အုပ်ချုပ်ခွင့်ရရှိခဲ့တဲ့ နိုင်ငံရဲ့ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာ ရာထူးကနေ နုတ်ထွက်ခဲ့ရပြီးနောက် ကြားဖြတ် အစိုးရသစ်လက်ထက်မှာ နိုင်ငံရဲ့ နိုင်ငံရေးခြားမူဝါဒ အနာဂတ်လားရာနဲ့ပတ်သက်ပြီး အချေအတင် ဆွေးနွေးမှုတွေ ကျယ်ကျယ်ပြန့်ပြန် ရှိလာခဲ့ပါတယ်။

ဆွေးနွေးမှုတွေမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတို့ကြား ဆက်ဆံရေးကို ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတဲ့ကိစ္စကိုပဲ အလေးအနက်ထား ဆွေးနွေးနေကြပေမဲ့ ဒေါက်တာ မိုဟာမက် ယူနွတ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရသစ်အနေနဲ့ နိုင်ငံရဲ့ အရှေ့တောင်ပိုင်းက အိမ်နီးချင်းဖြစ်တဲ့ မြန်မာ့အရေးကိုလည်း လျစ်လျူရှုထားလို့ မရပါဘူး။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံနယ်နိမိတ် ထိစပ်မှုပမာဏက သေးငယ်ပေမဲ့လို့ ရိုဟင်ဂျာအရေးလို ကြီးမားတဲ့ ပြဿနာတခု ရှိနေတယ်လို့ မိုဟာမက် ယူနွတ်ရဲ့ နိုင်ငံခြားရေးရာ အကြံပေးပုဂ္ဂိုလ် တူဟစ်ဟော့စ်စိန်က အခုနှစ်အစောပိုင်းကတည်းက မှတ်ချက်ပြု ပြောကြားထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ရိုဟင်ဂျာ ၁၈,၀၀၀ ကျော် ထပ်တိုး ရောက်ရှိလာခဲ့ပြီး ရခိုင်ပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှု အလားအလာဟာ အရင်ကထက် ပိုမို မြင့်မားလာနိုင်ခြေ ရှိနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ နယ်မြေစိုးမိုးမှုနဲ့ နိုင်ငံရေးအာဏာ အလှည့်အပြောင်းတွေ ဖြစ်ပေါ်လာမှုကိစ္စနဲ့ ကာလကြာ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ၁ သန်းဝန်းကျင် ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးကိစ္စတွေဟာ ကြားဖြတ်အစိုးရသစ် ရင်ဆိုင်သွားရမယ့် စိန်ခေါ်မှုတွေထဲက တချို့ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ချိန်ကစပြီး အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းပေါင်း အမြောက်အမြားကို အောင်မြင်စွာနဲ့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုဆိုရင် AA ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ ကပ်လျက်မှာရှိတဲ့ မြို့တွေအပါအဝင် ရခိုင်ပြည်နယ်ရှိ မြို့နယ်ထက်ဝက်ကျော်ကို ထိန်းချုပ်ထားပြီး အဲဒီနယ်မြေတွေမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးယန္တရားတွေ အားကောင်းအောင် ဆောင်ရွက်ထားပါတယ်။

၂၀၂၁ ခုနှစ်မှာ တဝက်တပျက် ဒီမိုကရေစီအစိုးရကို ဖြုတ်ချ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီဟာ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာတွေ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေးကိစ္စနဲ့ ပတ်သက်လို့ ဒါကာအစိုးရနဲ့ ဆွေးနွေးအဖြေရှာဖို့ တွန့်ဆုတ်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်မီး ပိုမိုကျယ်ပြန့်လာချိန်မှာတော့ စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကြား ဆက်ဆံရေးဟာ ဆုတ်ယုတ်လာခဲ့ပါတယ်။

အရင် ဒါကာခေါင်းဆောင်တွေဟာ ရိုဟင်ဂျာဒုက္ခသည် အကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် စစ်ကောင်စီအပေါ် သံတမန်ရေးအရ ဖိအားပေးဖို့ ပျက်ကွက်ခဲ့ပါတယ်။ အခုအခါမှာတော့ ရခိုင်ပြည်နယ်ကို AA က စိုးမိုးထားတဲ့အတွက် ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးဟာ ဒါကာနဲ့ AA တို့ကြား ဆက်ဆံရေးအပေါ်မှာပဲ ပိုမို မူတည်လာခဲ့ပါတယ်။

ရှိတ်ခ်ဟာစီနာ အစိုးရဟာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေးနဲ့ပတ်သက်ပြီး AA နဲ့ တွေ့ဆုံဆွေးနွေးရေးတံခါး ဖွင့်သွားဖို့ ငြင်းဆိုခဲ့သလို ရခိုင်ပြည်နယ်မှာ အရေးပါတဲ့ဇာတ်ကောင်ဖြစ်တဲ့ AA ရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု လက်ခံခြင်းမရှိဘဲ စစ်ကောင်စီအလိုကျသာ ရပ်တည်ခဲ့ပါတယ်။ AA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ စစ်သားတွေကို စစ်ကောင်စီထံ ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့တာဟာ ဟာစီနာအစိုးရရဲ့ စစ်ကောင်စီဘက် မျက်နှာသာပေးမှုကို ပေါ်လွင်စေတဲ့ လုပ်ရပ်တခု ဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း AA ရဲ့ အောင်မြင်မှုတွေ မျက်ဝါးထင်ထင် မြင်တွေ့လာရချိန်မှာ တူဟစ်ဟော့စ်စိန်ကနဲ့ ရှာကာဝပ်ဟော့စ်စိန်တို့လို ဝါရင့်ကျွမ်းကျင်ပညာရှင်တွေဟာ AA နဲ့ ထိတွေ့ဆက်ဆံသွားဖို့ ဟာစီနာ အစိုးရကို တိုက်တွန်း ပြောကြားခဲ့ပေမဲ့ မသိကျိုးကျွန် ပြုခဲ့ပါတယ်။ အခုအခါမှာ‌တော့ အဲဒီပညာရှင်တွေဟာ ကြားဖြတ်အစိုးရသစ်မှာ အကြံပေးပုဂ္ဂိုလ်တွေအနေနဲ့ ပါဝင်လာတဲ့အတွက် AA နဲ့ အလွတ်သဘောဆက်ဆံရေး ထူထောင်သွားဖို့ အစိုးရသစ်ကို တိုက်တွန်းသွားနိုင်ဖွယ်ရှိပြီး အဲဒီလိုသာ AA နဲ့ ဆက်ဆံရေး တည်ဆောက်သွားမယ်ဆိုရင်  နှစ်ဦးနှစ်ဖက်အတွက် အထောက်အပံ့ကောင်းတွေ ရရှိလာနိုင်ပါတယ်။

အရင်ဆုံးအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆွေးနွေးပွဲတွေ ပြန်စဖို့နဲ့ ရခိုင်ပြည်နယ်မှာ လူမျိုးရေး တင်းမာမှုတွေ ဖန်တီးဖို့အတွက် AA ကို ဆန့်ကျင်နေတဲ့ ရိုဟင်ဂျာတွေကို သွေးထိုးပေးနေတာတွေ ဆက်မလုပ်ဖို့ စစ်ကောင်စီကို ဖိအားပေးသွားနိုင်မှာ ဖြစ်ပါတယ်။ အကျိုးဆက်အနေနဲ့ ဒါကာနဲ့ AA တို့အကြား အပြန်အလှန် နားလည်မှုတွေ တိုးတက်လာနိုင်ပါတယ်။

ဒါကာအစိုးရဟာ ရခိုင်ပြည်နယ်မှာ နယ်မြေစိုးမိုးမှုရယူထားတဲ့ AA ရဲ့ ဒီဖက်တိုအာဏာကို အလွတ်သဘော လက်ခံသွားဖို့လိုပြီး ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာတဲ့ စစ်သားတွေကို စစ်ကောင်စီထံ ပြန်လည်လွှဲအပ်ရေးကိုလည်း ယတိပြတ် ငြင်းဆိုသွားရမှာ ဖြစ်ပါတယ်။ အဲဒီလိုဆိုရင် AA အတွက်လည်း စစ်ရေးဗျူဟာအရ အကျိုးများစေမှာ ဖြစ်ပါတယ်။ ဒါတင်မက ရခိုင်ပြည်နယ်နဲ့ အလွတ်သဘော ကူးသန်းရောင်းဝယ်မှုတွေလည်း အဆင်ပြေ ချောမွေ့လာနိုင်ပြီး AA နဲ့ ရခိုင်ပြည်နယ်အတွက် စီးပွားရေးအကျိုးအမြတ်တွေ ရရှိစေနိုင်ပါတယ်။

အပြန်အလှန်အနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဆန္ဒအလျောက် နေရပ်ပြန်နိုင်ရေး လွယ်ကူ အဆင်ပြေစေဖို့အတွက် ရိုဟင်ဂျာတွေအပေါ် AA ရဲ့ စွပ်စွဲဖမ်းဆီးနှိပ်စက်မှုတွေကို ရပ်တန့်ပြီး ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအတွက် ဘေးကင်းလုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင် အခြေအနေတွေ ဖန်တီးပေးသွားဖို့ AA ကို တောင်းဆိုလို့ ရလာနိုင်ပါတယ်။

နောက်ပြီး စစ်တကောင်း တောင်တန်းဒေသအခြေစိုက် လက်နက်ကိုင်အဖွဲ့တဖွဲ့ဖြစ်တဲ့ ကူကီးချင်းအမျိုးသားတပ်ဦးကို ရခိုင်ပြည်နယ်ဘက် ဝင်ရောက်ခိုလှုံခွင့်မပြုဖို့ AA ကို တလက်စတည်း တောင်းဆိုနိုင်ပါတယ်။ ဒီလို အပြန်အလှန် အကျိုးပြုမှုတွေကနေတဆင့် ဒါကာနဲ့ AA တို့ကြား ရန်လိုမှုတွေ ဒါမှမဟုတ် မတည်ငြိမ်မှု ဖြစ်ပေါ်စေတဲ့ လုပ်ရပ်တွေကို အဆုံးသတ်သွားဖို့ သဘောတူညီချက် ရရှိခဲ့မယ်ဆိုရင် နှစ်ဖက်စလုံးအတွက် မဟာဗျူဟာမြောက် အကျိုးကျေးဇူးတွေ ရရှိလာနိုင်ပါတယ်။

တဖက်မှာလည်း ဒါကာအနေနဲ့ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို အလိုက်သင့် ဆက်ထိန်းသွားဖို့လိုအပ်ပြီး အာဆီယံရဲ့ ဆွေးနွေးဖက်နိုင်ငံ ဖြစ်လာဖို့လည်း ကြိုးပမ်းသွားသင့်ပါတယ်။ ဒါမှသာ အာဆီယံနိုင်ငံတွေနဲ့ ပိုမိုနက်နက်ရှိုင်းရှိုင်း ထိတွေ့ဆက်ဆံနိုင်မှာဖြစ်သလို ရိုဟင်ဂျာဒုက္ခသည်အရေးဟာ မြန်မာ့အကျပ်အတည်းရဲ့ နောက်ဆက်တဲ့ အကျိုးဆက်အနေနဲ့ ဘင်္ဂလားဒေ့ရှ်ဘက်အထိ ဖိတ်စဉ် ရိုက်ခတ်လာတဲ့ ပြဿနာတရပ်အဖြစ် ချပြသွားနိုင်မှာဖြစ်ပြီး ရိုဟင်ဂျာအရေးကို လူသားချင်းစာနာမှု ရှုထောင့်ကနေ ချဉ်းကပ်သွားနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာတွေအပေါ် အာဆီယံနိုင်ငံတွေရဲ့ ရှုမြင်ပုံက မတူနိုင်တဲ့အတွက် ဒါကာအနေနဲ့ အာဆီယံကို လိုတာထက်ပိုပြီး တွန်းအားမပေးမိအောင် သတိထား ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘက်မလိုက်ဝါဒကို လက်ကိုင်ထားတဲ့အတွက် နိုင်ငံတကာ သံခင်းတမန်ခင်းမှာလည်း ဟန်ချက်ညီဆက်ဆံရေးကို ထိန်းထားနိုင်မယ့်အပြင် AA နဲ့လည်း ဆက်ဆံရေး တည်ဆောက်သွားလို့ ရနိုင်ပါတယ်။ နိုင်ငံရဲ့ ကြားနေဝါဒ ရပ်တည်ချက်အရ အရင်ကတည်းက ဒေသတွင်းနဲ့ နိုင်ငံတကာမှာ လူရာအသွင်းမခံရတဲ့ စစ်ကောင်စီရဲ့ လက်တုံ့ပြန်မယ့် အရေးကိုလည်း ထည့်တွေးဖို့ မလိုသလို တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဟာလည်း AA နဲ့ အလွတ်သဘော ဆက်ဆံရေးတွေ ရှိနေနိုင်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ကြားဝင်စွက်ဖက်နေတယ်လို့ စစ်ကောင်စီဘက်က စွပ်စွဲလာခဲ့မယ်ဆိုရင်လည်း ဒါကာခေါင်းဆောင်တွေအနေနဲ့ ငြင်းဆိုသွားနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ အသုံးစရိတ်အတွက် ထောက်ပံ့မှုအများဆုံး အလှူရှင်နိုင်ငံဖြစ်တဲ့  အမေရိကန်နဲ့ နက်ရှိုင်းတဲ့ ဆက်ဆံရေးကို အရင်းပြုပြီး အကျိုးကျေးဇူးတွေ ရလာနိုင်ပါတယ်။ အမေရိကန်ဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်တဲ့အတွက် ရိုဟင်ဂျာအရေးနဲ့ဆိုင်တဲ့ ဘယ်လိုအရေးပေါ် ဆုံးဖြတ်ချက်မျိုးကိုမဆို သံတမန်ရေးအရ ထောက်ပံ့ပေးသွားနိုင်ပြီး နယ်စပ်လုံခြုံရေးအတွက်လည်း နည်းပညာပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပေးအပ်လာနိုင်ပါတယ်။

အလားတူ ရိုဟင်ဂျာဒုက္ခသည်အကျပ်အတည်း အဖြေရှာနိုင်ရေးနဲ့ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းရေးကို လိုလားတဲ့ ဩစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို စိတ်သဘောထားတူ နိုင်ငံတွေဆီကနေလည်း  ရိုဟင်ဂျာဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့တွေ ရလာနိုင်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး စတဲ့ ကုလသမဂ္ဂ ပလက်ဖောင်းတွေမှာလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် များစွာလိုအပ်နေတဲ့ သံတမန်ရေးဆိုင်ရာ အထောက်အပံ့တွေ ရရှိလာနိုင်ပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ဟာစီနာ ဦးဆောင်တဲ့အစိုးရ ပြိုလဲခဲ့မှုဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ မြန်မာ့အရေးဆိုင်ရာ နိုင်ငံခြားရေးမူဝါဒကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ရဖို့ အကြောင်းဖန်လာစေခဲ့ပါတယ်။ အခုအခါတော့ ဒေါက်တာ မိုဟာမက် ယူနွတ် ဦးဆောင်တဲ့ ကြားဖြတ်အစိုးရသစ်ဟာ စစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ပတ်သက်ပြီး ရှိတ်ခ် ဟာစီနာ အစိုးရ ချန်ထားခဲ့တဲ့ ခက်ခဲတဲ့ စိန်ခေါ်မှုတွေကို ကိုင်တွယ် ဖြေရှင်းသွားရတော့မှာ ဖြစ်ပါတယ်။

အထက်မှာဖော်ပြခဲ့သလို ရခိုင်ပြည်နယ်မှာ ပြောင်းလဲလာတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ မြင့်မားလာနိုင်တဲ့ လူမျိုးရေးတင်းမာမှု အလားအလာတွေကြောင့် ယူနွတ်အစိုးရအနေနဲ့ AA နဲ့ ထိတွေ့ဆက်ဆံမှုတွေ စတင်ပြုလုပ်သွားဖို့ လိုအပ်ပြီး အမေရိကန်၊ ဩစတြေးလျ၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့လို မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကိုလည်း တိုးမြှင့်သွားရမှာ ဖြစ်ပါတယ်။ သောင်မတင် ရေမကျနဲ့ အဖြေရှာမရဖြစ်နေတဲ့ ရိုဟင်ဂျာ အကျပ်အတည်း ၇ နှစ်ကြာ ရှိလာခဲ့သလို ရခိုင်ပြည်နယ်မှာလည်း စစ်ကောင်စီဟာ ကျရှုံးခန်းကို ရောက်နေပြီဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အခုချိန်မှာ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲတွေကို လက်တွေ့ကျကျ အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ့်အချိန် ရောက်ရှိနေပြီ ဖြစ်ပါတယ်။

ခန်ဒါခါတာမစ်ရဂျ်ဝန် 

ဘာသာပြန် - ရာစုသစ်

Ref: Australian Institute of International Affairs

(Australian Institute of International Affairs ဝက်ဆိုက်မှာ သုတေသီ Khandakar Tahmid Rejwan ရေးသားထားတဲ့ “Bangladesh’s Foreign Policy on Myanmar: The Need for Broader Engagement” သုံးသပ်ချက်ကို ဘာသာပြန်ဆိုဖော်ပြသည်။)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024