Home
မြန်မာသတင်း
ဂွမြို့ နှင့် ၃ မိုင်အနီး  AA တပ်များ ရောက်ရှိနေ
DVB
·
December 11, 2024

အာရက္ခတပ်တော် (AA)ရဲ့ ထိုးစစ်ဟာ ရခိုင်ပြည်နယ် ဂွမြို့နဲ့ ၃ မိုင်ဝန်းလောက်အကွာ ရဟိုင်းကွင်းရွာအထိရောက်ရှိနေပြီး အဲရွာနားက ရဟိုင်ကူးတို့ရွာထဲမှာတော့ ဒေသခံ အယောက် ၂၀၀ လောက် ပိတ်မိနေကြတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သံတွဲ-ဂွ လမ်းမကြီးပေါ်က ရွာသစ်ကုန်းနဲ့ ကျောက်ကြီးရွာတွေကို AA တပ်တွေက သိမ်းပိုက်အပြီး စစ်ကောင်စီတပ်ဘက်က မြို့ထဲနဲ့ တပ်ရင်းတွေထဲမှာ ထပ်မံခံစစ်ပြင်နေသလို ကျောက်ကြီးတိုက်ပွဲမှာ ဗျူဟာမှူးပါသေဆုံးခဲ့တယ်လို့ သတင်းတွေ ထွက်နေပါတယ်။

စစ်ရေးသတင်းရင်းမြစ်တယောက်က  “ရဟိုင်ကွင်းရွာ ရွှေနန်းခိုင်ဘုရားနားမှာဖြစ်တယ်။ ဖြစ်ပြီးတော့ အခုရဟိုင်ကွင်းဆည်နား၊ ဆည်နားထိရောက်နေပြီ။ ဆည်နားဆိုတာ ၅၆၃ တပ်ရင်းနားထိရောက်နေပြီ။ ရဟိုင်ကူးတို့ကြတော့ အဲထဲမှာတော်တော်များများ ပိတ်မိနေသေးတယ်။ အလယ်ခေါင်တည့်တည့် ထဖြစ်တဲ့အခါကျတော့ ဟိုဘက်လည်းမသွားနိုင်၊ ဒီဘက်လည်းမသွားနိုင် ပင်လယ်ဘက်ကလည်း ပိတ်ချတယ်။ ၂၀၀ ဝန်းကျင်လောက်တော့ ကျန်ဦးမယ်”လို့ ပြောပါတယ်။

ကျောက်ကြီးရွာရဲ့တောင်ဘက် ဘေးချင်းကပ်မှာ ရဟိုင်ကူးတို့ရွာရှိတာဖြစ်ပြီး မြစ်ဝမှာ  ရေတပ်တွေချထားသလို  တိုက်ပွဲကြောင့် ဂွမြို့ဘက်ကိုလည်းထွက်မရဖြစ်နေတာ ဒီဇင်ဘာ ၁၀ ရက်နေ့အထိဖြစ်ပါတယ်။

ကျောက်ကြီး၊ စည်ပင်၊ ရွာသစ်ကုန်း၊ အလယ်ချောင်းဘက်က ဒေသခံတွေကို AA က ကယ်ထုတ်သွားပြီး ကျန်စစ်ရှောင်ထောင်နဲ့ချီ ဘယ်လိုအခြေအနေရှိနေတယ်ဆိုတာကို မြေပြင်တာဝန်ရှိသူတွေနဲ့ အဆက်အသွယ်မရတော့လို့ မသိရသေးဘူးလို့ ကူညီနေသူတွေက ပြောပါတယ်။

ဂွဒေသခံ စစ်ရှောင်ကူညီသူတယောက် “သူတို့အဆင်ပြေသလို ထွက်သွားရတယ်ပေါ့၊ အဲချိန်မျိုးမှာ စားဝတ်နေရေးအတွက် အဓိက ကူညီဖြေရှင်းပေးနေတဲ့ ကျနော်တို့ အဖွဲ့အစည်းလေးတွေပေါ့။ အဲတာလေးတွေက သွားလှူတဲ့အချိန်မှာ သူတို့ဘယ်လိုပြောရမလဲ အဆင်ပြေပြေနဲ့ အဲလိုမျိုးပဲဖြတ်သန်းနေရတာက များနေတယ်ပေါ့နော်။ အဓိကအားဖြင့် စစ်ဘေးရှောင်ဦးရေ ၁၀၀ မှာ ၈၀ ရာခိုင်နှုန်းက ဒီလိုပုံစံမျိုးနဲ့ပဲ ဖြေရှင်းနေရတယ်”လို့ ပြောပါတယ်။

တိုက်ပွဲက စည်ပင်သာယာနယ်နိမိတ်ထဲထိရောက်လာတာကြောင့် လူမှုကူညီရေးအသင်းသားတွေ လည်း ရှောင်ပေးရတယ်လို့သတင်းတွေ ထွက်နေပါတယ်။

စစ်ကောင်စီတပ်ကတော့ ဂွမြို့ထဲနဲ့ ဝန်းကျင်နေရာတွေက အချက်အချာကျတဲ့လမ်းဆုံတိုင်းမှာ သံချပ်ကာကားတွေ နေရာယူထားကြောင်း ဒေသခံတွေက ပြောပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013