Home
မြန်မာသတင်း
တောင်ငူလေတပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တို့ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခံရ
DVB
·
December 12, 2024

ပဲခူးတိုင်း၊ တောင်ငူမြို့နယ် တောင်ငူလေတပ် (ကေတုမတီ) နဲ့ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အား ဒီဇင်ဘာ ၁၁ ရက်ည ၁၁ နာရီက ရှော့တိုက်ဒုံး ၉ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာ ၅ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ကြောင်း Brave Warriors for Myanmar (BWM) ဒီဇင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ ၁၁ ရက်ည ၁၁ နာရီက တပ်စခန်း နှစ်ခုစလုံးအား တပြိုင်နက် တိုက်ခိုက်ခဲ့တာလို့ Brave Warriors for Myanmar (BWM) အဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။

“တောင်ငူလေတပ်ကို ၅ လုံးပစ်တာ ၃ လုံးအောင်တယ်။ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၄ လုံးပစ်တာ ၂ လုံးအောင်တယ်။ စုစုပေါင်း ၉ လုံးမှာ ၅ လုံးအောင်ပြီး ၄ လုံးက ပစ်လို့ မထွက်တာ ပစ္စည်းချွတ်ယွင်းတာ။” 

အခုပစ်ခတ်တိုက်ခိုက်မှု ၂ ခုလုံးအား Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ ဦးဆောင်စီမံမှုနဲ့ Mountain Knight Civilian Defense Forces (MKCDF)၊ Anti-Coup People’s Liberation Force (ACPLF)၊ သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Myanmar (BWM) တာဝန်ရှိသူတယောက် “ကျနော်တို့ဘက်က ၁၁ နာရီအတိမှာ ပစ်လိုက်တယ်၊ ပစ်ပြီး မိနစ် ၅၀ လောက်အကြာမှာ စစ်ကောင်စီဘက်က ၁၁း၅၀ နဲ့ ၁၁း၅၇ ကြားမှာ လက်နက်ကြီးနဲ့ ၃ လုံး ရမ်းသန်းပြီး ပြန်ပစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေ ဘေးကင်းလုံခြုံစွာနဲ့ ဌာနေစခန်းအသီးသီးကို ပြန်လည်ရောက်ရှိခဲ့ပါပြီ။ တောင်ပိုင်းတော်လှန်ရေးလှုပ်ရှားမှုကို အဓိက ဟန့်တားနှောင့်ယှက်နေတဲ့ တောင်ငူလေတပ်နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကျနော်တို့ အခုလို တိုက်ခိုက်နိုင်လိုက်ခြင်းက တောင်ပိုင်းတိုင်းရဲ့ တော်လှန်ရေးလှုပ်ရှားမှုကို အထောက်အပံ့ ဖြစ်စေမယ်လို့မျှော်လင့်ပါတယ်” လို့ ပြောပါတယ်။

တိုက်ခိုက်မှုအတွင်း ထိခိုက်မှုအခြေအနေကို စုံစမ်းနေပြီး သိရှိပါက ထပ်မံထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ဟာ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ် မြောက်ဘက်ခြမ်းဒေသတွေ၊ ထိစပ်နေသော နေရာဒေသတွေရှိ တော်လှန်ရေးအင်အားစုတွေနဲ့ အပြစ်မဲ့ ပြည်သူတွေကို ရက်စက်စွာ သတ်ဖြတ်နေသော စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို အဓိက အမိန့်ပေးကွပ်ကဲဖို့ ခြေကုပ်ယူထားတဲ့ အရေးပါတဲ့ တိုင်းစစ်ဌာနချုပ်ဖြစ်တဲ့အတွက် တော်လှန်ရေး ရှေ့အရွေ့တခုဖြစ်စေဖို့ ရည်ရွယ်ပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းစစ်ဌာနချုပ်တွေဟာ BWM အဖွဲ့ရဲ့ အဓိက ဦးတည်တိုက်ခိုက်တဲ့ အရေးကြီး စစ်ရေးပစ်မှတ်တွေမှာ ပါဝင်နေတဲ့အတွက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အခုလို တိုက်ခိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ တိုင်းစစ်ဌာနချုပ်တွေဟာ သက်ဆိုင်ရာဒေသအသီးသီးရှိ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့တွေကို အဓိက ကြိုးကိုင်ကွပ်ကဲနေတဲ့ ပင်မစစ်ဗဟိုချက်နေရာကြီး ဖြစ်တဲ့အတွက် အဲဒီတိုင်းစစ်ဌာနချုပ်တွေကို တိုက်ရိုက်တိုက်ခိုက်တာဟာ အဆိုပါပင်မစစ်ဌာနချုပ်နဲ့အတူ ဌာနချုပ်ရဲ့ COC အောက်မှာ ရှိသော တပ်တွေလည်း အင်အားချည့်နဲ့စေဖို့ ရည်ရွယ်ထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013