Home
မြန်မာသတင်း
မန္တလေး ရွှေစင်အကယ်ဒမီရွှေဆိုင်တွင် ကျပ်သိန်း ၃၀၀၀၀ ကျော်တန်ဖိုးရှိ ရွှေများ ဓားပြတိုက်ခံရ
DVB
·
December 19, 2024
Photo-ပရဟိတအဖွဲ့ဝင်တဦး

မန္တလေးမြို့က ရွှေစင်အကယ်ဒမီရွှေဆိုင်မှာ ဒီဇင်ဘာ ၁၈ ရက် ညနေ ၅ နာရီခွဲဝန်းကျင်က ကျပ်သိန်း ၃၀၀၀၀ ကျော်တန်ဖိုးရှိ ရွှေထည်တွေ ဓားပြတိုက်ခံလိုက်ရတယ်လို့ မြို့ခံထံက သိရပါတယ်။

မဟာအောင်မြေမြို့နယ်ထဲက ဟေမမာလာမြောက်ရပ်ကွက်၊ ၇၇ လမ်းမပေါ်မှာရှိတဲ့ ၃၆ လမ်းနဲ့ ၃၇ လမ်းကြားမှာ ဖွင့်ထားတဲ့ ရွှေစင်အကယ်ဒမီရွှေဆိုင်မှာ ဓားပြတိုက်ခံလိုက်ရတာလို့ မန္တလေးမြို့ခံတယောက်က  ပြောပါတယ်။

အဆိုပါ ရွှေဆိုင်ဓားပြတိုက်ခံရမှုမှာ ရွှေထည်ပစ္စည်းတွေထည့်ထားတဲ့ ပလတ်စတစ်ဘူး ၃ ဘူး ဓားပြတိုက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။

ပရဟိတအဖွဲ့ဝင်တယောက်က “ဆိုင်ပိတ်ခါနီးလောက်မှာ ဝန်ထမ်း ၄ ယောက်နဲ့ ဆိုင်ပိုင်ရှင်ရှိနေတဲ့အချိန် ဆိုင်ကယ် ၂ စီးနဲ့ လူလတ်ပိုင်း ၃ ယောက်က ပစ္စတိုသေနတ် ၂ လက်နဲ့ ဆိုင်ထဲဝင်လာပြီးတော့ ဓားပြတိုက်သွားတာတဲ့။ ရဲစခန်းက မှတ်တမ်းတွေအရကတော့ ရွှေဆိုင်က ရွှေထည်ပစ္စည်းတွေ ထည့်ထားတဲ့ ပလတ်စတစ်ဘူး ၃ ဘူး ယူသွားတယ်။ အဲ့ထဲမှာတော့ ရွှေ ၄ ပိဿာကျော် ပါတယ်တဲ့။ အဲဒီရွှေထည်တွေက သိန်း ၃၀၀၀၀ ကျော်လောက် တန်ဖိုးရှိတယ်လို့ သိရပါတယ်ဗျ” လို့ DVB ကို ပြောပါတယ်။

ဖြစ်စဥ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဓားပြတိုက်ခံခဲ့ရတဲ့ ရွှေစင်အကယ်ဒမီရွှေဆိုင်နဲ့ မဟာအောင်မြေမြို့နယ် မြို့မရဲစခန်းတွေကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုသူ မရှိပါဘူး။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်ကစတင်ပြီး မန္တလေးမြို့ပေါ်မှာ ဘဏ်၊ ရွှေဆိုင်တွေနဲ့ ပြည်သူပိုင် လူနေအိမ်တချို့ ဓားပြတိုက်ခံရမှု မကြာခဏ ဖြစ်ပွားနေပြီး အဆိုပါ ဓားပြတိုက်မှုတွေမှာ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေ ပါဝင်ပတ်သက်နေတယ်လို့ မန္တလေးမြို့ခံက ပြောပေမဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013