Home
နိုင်ငံတကာ
မြောက်ကိုရီးယား ဖက်ရှင်ရှိုး မြို့တော်ပြုံယမ်းတွင် ကျင်းပ
DVB
·
December 25, 2024

မြောက်ကိုရီးယားနိုင်ငံ မြို့တော်ပြုံးယမ်းမှာ ဒီဇင်ဘာ ၂၂ ရက်က ဖက်ရှင်ပြပွဲတခု ကျင်းပခဲ့တယ်လို့  နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြပါတယ်။

အိုကုရူ ပြပွဲခန်းမမှာ ကျင်းပတဲ့ “၂၀၂၄ အထည်ချုပ်ပြပွဲ”မှာ ပြခန်းပေါင်း ၂၀၀ ရှိပြီးတော့ အမျိုးသမီး၊ အမျိုးသားနဲ့ ကလေးအ၀တ်အထည်တွေ အပါအဝင် ပစ္စည်း ၃၇၀၀၀ ကျော်ကို ပြသထားကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ထုတ်လွှင့်ပါတယ်။ 

နိုင်ငံရဲ့ အထည်ချုပ်စက်မှုလုပ်ငန်းရှင်များအသင်းရဲ့ လက်ထောက် အတွင်းရေးမှူးချုပ် ယွန်ဟုန်ဂီလ်က “မြောက်ကိုရီးယားမှာ ဆိုရှယ်လစ်ယဉ်ကျေးမှုရဲ့ ဂုဏ်သိက္ခာနဲ့အညီ ထူးခြားကောင်းမွန်ပြီး လိုက်ဖက်တင့်တယ်တဲ့ အဝတ်အစားယဉ်ကျေးမှုကို တက်တက်ကြွကြွ ဖန်တီးပြီး ဖွံ့ဖြိုးတိုးတက်စေဖို့ ဆိုတဲ့ အဓိပ္ပာယ် ကြီးကြီးမားမား ရှိပါတယ်”လို့ ပြောပါတယ်။ 

ဧည့်သည်တွေဟာ ဆောင်းရာသီအင်္ကျီတွေနဲ့ တခြားအဝတ်အစားပစ္စည်းတွေကို ဝိုင်းဝန်းကြည့်ရှုနေကြတာကို ပြသထားတဲ့ ဗီဒီယိုဖိုင်ကို KCNA မှ ထုတ်လွှင့်ခဲ့ပါတယ်။ 

ပြပွဲကို လာရောက်ကြည့်ရှုတဲ့ အသက် ၂၃ နှစ်အရွယ် မြောက်ကိုရီးယားနိုင်ငံသား ဆုန်းယွမ် ကတော့ အမျိုးသမီးတွေအတွက် သားရေဂျာကင်အင်္ကျီတွေက မနှစ်ကထက်စာရင် ပိုစတိုင်ကျလာတာကို သတိထားမိပြီး အရမ်းသဘောကျတယ်လို့ ပြောပါတယ်။

ပြခန်းဖွင့် ရောင်းချသူ အသက် ၂၁ နှစ်ရှိ ဟွမ်းမိလယ်က “ဒီတခါမှာတော့ လူကြိုက်များမယ့် အရောင်တွေနဲ့ အတွင်းခံ အဝတ်အစားတွေ အပါအဝင် အပေါ်ဝတ် အထည်အမျိုးမျိုးကို ခင်းကျင်းပြသခဲ့ပါတယ်။ အထူးသဖြင့် အမျိုးသမီးငယ်တွေသာမက သက်လတ်ပိုင်းနဲ့ သက်ကြီးရွယ်အိုတွေအတွက်ပါ စတိုင်လ်ကျကျနဲ့ လိုက်ဖက်တဲ့ အဝတ်အစားတွေကို ခင်းကျင်းထားပါတယ်”လို့ ဆိုပါတယ်။

ပြပွဲအတွင်း တာဝန်ရှိသူတွေ၊ နည်းပညာရှင်တွေနဲ့ အထည်ချုပ်လုပ်ငန်းနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်တွေအတွက် လေ့ကျင့်ရေးသင်တန်းကိုလည်း ပြုလုပ်သွားမှာဖြစ်ကြောင်း KCNA မှ ထုတ်ပြန်သွားပါတယ်။ 

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013