တူရကီနိုင်ငံ အနောက်မြောက်ပိုင်းရှိ ခဲယမ်းမီးကျောက်စက်ရုံမှာ ဒီဇင်ဘာ ၂၄ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ လူ ၁၂ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး အလီ ယာလီကယာ့က ပြောကြားခဲ့ပါတယ်။
ဘာလီကစ်ဇစ်ရှ်ပြည်နယ်ရှိ ကာဗာ့ကလီ ကျေးရွာက စက်ရုံမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးတော့ ဒီဖြစ်ရပ်မှာ မသင်္ကာစရာ သံသယဖြစ်စရာ မတွေ့ရှိဘူးလို့ ဒေသန္တရအုပ်ချုပ်ရေးမှူးရဲ့ ပြောကြားချက်ကို CNN တာ့ခ် ရုပ်သံလိုင်းက ကိုးကား ဖော်ပြခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ စက်ရုံအဆောက်အအုံကနေ မီးလုံးကြီးနဲ့ မီးခိုးတွေ ထွက်လာတာကို ပြသထားတဲ့ ဓာတ်ပုံတွေကို CNN တာ့ခ် ရုပ်သံလိုင်းက လွှင့်ထုတ်ခဲ့ပြီး နောက်ဆက်တွဲ ဗီဒီယိုမှာလည်း ပေါက်ကွဲမှုအတွင်း အဆောက်အဦရဲ့ သတ္တုပြားတွေ ပြိုကျပျက်စီးသွားတာကို ပြသခဲ့ပါတယ်။
စုံစမ်းစစ်ဆေးမှုကို စတင်လုပ်ဆောင်နေပြီး မီးလောင်နေတဲ့ စက်ရုံမှာ မီးငြှိမ်းသတ်ဖို့အတွက် မီးသတ်တပ်ဖွဲ့ဝင် အများအပြားကို စေလွှတ်ထားကြောင်းနဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း စေလွှတ်ထားကြောင်း အစိုးရရဲ့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ပြောကြားခဲ့ပါတယ်။
Source : Reuters