ရန်ကုန်မြို့မှာ အာဏာသိမ်းကာလအတွင်း လောင်းကစား ငါးမန်းဂိမ်းဆိုင်အသစ်တွေ ဖွင့်လှစ်လုပ်ကိုင်တာ များလာတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ငါးမန်းဂိမ်းလုပ်ငန်းမှာ တရားမဝင်လောင်းကစားလုပ်ငန်းဖြစ်လို့ အာဏာမသိမ်းခင်က ခိုးပြီးဖွင့်လှစ်လုပ်ကိုင်ခဲ့တာ ရှိပေမဲ့ အာဏာသိမ်းပြီးနောက်မှာ ပြောင်ကျကျ တိုးချဲ့ဖွင့်လှစ်လုပ်ကိုင်လာတယ်လို့ ဆိုပါတယ်။
အဲဒီလုပ်ငန်းနဲ့နီးစပ်သူတယောက်က “ဒီကာလမှာ တရားမဝင်လုပ်ငန်းတွေက ရဲနဲ့စစ်တပ်ကို ပိုက်ဆံပေးပြီး လုပ်လို့ အကောင်းဆုံး၊ ငွေရှာလို့ အကောင်းဆုံးဖြစ်နေတာ။ ဆိုင်ရာ၊ ပိုင်ရာတွေအတွက်လည်း အဲဒီလုပ်ငန်းတွေကနေ ငွေ မြိုးမြိုးမြက်မြက်ရနေတာလေ၊ ပြီးတော့ နယ်ခံလူမိုက်တွေကလည်း အဲဒီကနေ ဆက်ကြေးတွေရနေတာ” လို့ ပြောပါတယ်။
အဲဒီငါးမန်းဂိမ်းဆိုင်ဖွင့်ဖို့အတွက် လိုအပ်တဲ့ စက်ပစ္စည်းတွေကို မန္တလေးနဲ့ရှမ်းပြည်ဘက်ကနေ တင်သွင်းနေတာဖြစ်ပြီး ဆိုင်အသစ်တွေ တစတစများလာတယ်လို့ ဆိုပါတယ်။ ငါးမန်းဂိမ်းဆော့ကစားတဲ့ ရန်ကုန်မြို့ခံတယောက်က “အရင်က ငါးမန်းဂိမ်းဆိုင်က ရှိတော့ရှိတယ်။ ရှားတယ်။ အခုက ဆိုင်အသစ်တွေများလာတော့ ပတ်ဆော့လို့ရတယ်။ တဆိုင်တည်း စွဲကစားရင် ရှုံးတာများတယ်။ တချို့က ဆိုင်အသစ်တွေ ရှာကစားကြတယ်။ လူအသစ်ဆိုရင် အစပိုင်းက အလျော်ပေးတာများလို့” လို့ ပြောပါတယ်။
အဲဒီလို ငါးမန်းဂိမ်းဆိုင်တွေ ဖွင့်တာများလာသလို အွန်လိုင်းကနေ ဆော့ကစားလို့ရတဲ့ နည်းလမ်းတွေပါရှိလို့ လောင်းကစားဂိမ်းဆော့ကစားသူတွေ များလာနေတယ်လို့လည်း ကစားနေသူတွေဆီက သိရပါတယ်။
အဲဒီလောင်းကစားဂိမ်းတွေ ဆော့ကစားသူအချို့မှာ အရှုံးကိုပြန်လိုက်ရင်း အကြွေးနွံနစ်ရတဲ့ ဖြစ်ရပ်တွေလည်းရှိနေတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတယောက်က ပြောပါတယ်။