Home
မြန်မာသတင်း
ရန်ကုန်တွင် ဆယ်ကျော်သက်လူငယ်များ ဆက်တိုက်ပျောက်ဆုံးနေ
DVB
·
December 23, 2024

ရန်ကုန်မြို့မှာ ဆယ်ကျော်သက် အလယ်တန်းနဲ့ အထက်တန်းအရွယ် ကျောင်းသား ကျောင်း‌သူတွေ ပျောက်ဆုံးတာတွေရှိလာလို့ မြို့ခံတွေ စိုးရိမ်မှုမြင့်တက်နေကြပါတယ်။ 

အခုလထဲမှာ ရန်ကုန်တိုင်းအတွင်းက မြို့နယ်တချို့မှာ ဆယ်ကျော်သက်လူငယ်တွေ နေ့စဉ် ပျောက်ဆုံးတာတွေ များလာပြီး ပျောက်ဆုံးတဲ့လူငယ်တွေဟာ အသက် ၁၈ နှစ်အောက် လူငယ်တွေဖြစ်ကာ ယောကျ်ားလေးတွေသာမက မိန်းကလေးတွေပါ ပါဝင်နေတယ်လို့ ကာယကံရှင် မိသားစုဝင်တွေနဲ့ မြို့ခံတွေက ပြောပါတယ်။

မြောက်ဒဂုံမြို့နယ်မှာ နေသူတယောက်က “၉ ရက်နေ့ကတည်းက ဘောလုံးကန်မယ်ဆိုပြီး ထွက်သွားတာ အခုထိ ပြန်မရောက်သေးပါဘူး။ ကျမသားက Grade 11 တက်နေတာပါ။ လူပျောက်တိုင်ထားပေမဲ့ အခုထိ ထူးခြားမှုမရှိသေးပါဘူး။ စစ်မှုထမ်းဖို့ ပေါ်တာအဆွဲခံရတယ် ဆိုရင်တောင် ကျမသားက အသက်မပြည့်သေးပါဘူး” လို့ ပြောပါတယ်။

ရန်ကုန်မြို့ခံ ပြည်သူတွေအနေနဲ့ ရဲစခန်းမှာ လူပျောက်တိုင်တာတွေ ပြုလုပ်ပေမဲ့ ရဲတွေက ရှာဖွေပေးဖို့ ပျက်ကွက်နေတာတွေကြောင့် လမ်းတွေမှာ ပျောက်ဆုံးသူတွေရဲ့ ဓာတ်ပုံတွေ လိုက်ကပ်တာ၊ လူမှုကွန်ရက်ကနေတဆင့် ကြေညာချက်တွေထုတ်ပြီး ရှာဖွေနေကြရပါတယ်။

ရန်ကုန်မှာ ပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်လူငယ်တွေဟာ အသက်အားဖြင့် ၁၅ နှစ်ဝန်းကျင်တွေဖြစ်ပြီး အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူတွေ ဖြစ်တယ်လို့ သိရပါတယ်။ 

ရွှေပေါက္ကံမှာနေသူတယောက်က “တိုက်ကြီး၊ ဥက္ကံက ‌အသိတ‌ယောက်ရဲ့ သမီးဆိုရင်လည်း ၂၁ ရက်နေ့က ပျောက်သွားတယ်။ မိဘတွေ အရမ်းစိတ်ပူနေလို့ အွန်လိုင်းပေါ်ကနေ တွေ့ရင် အကြောင်းကြားပေးဖို့ လိုက်အကူအညီတောင်းနေရတယ်။ အခုတလော ကလေးတွေ နေ့တိုင်းလိုလို ပျောက်နေတော့ အိမ်က ကလေးတွေကိုလည်း လူကြီးမပါရင် ဟိုနားဒီနားတောင် မသွားခိုင်းရဲဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ရန်ကုန်မှာလိုပင် ဧရာဝတီတိုင်းမှာလည်း အထက်တန်းအဆင့်‌ ကျောင်းသားတွေ ပျောက်ဆုံးတာတွေ ရှိနေပြီး ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားပေမဲ့ စုံစမ်းသိရှိရတာဘာမှမရှိဘူးလို့ မြောင်းမြမြို့ခံတယောက်က ပြောပါတယ်။ 

အခုလထဲမှာ စစ်ကောင်စီတပ်ဟာ ရန်ကုန်က လူငယ်တွေကို လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်တွေထဲအထိ ပေါ်တာဆွဲဖမ်းဆီးတာ ခပ်စိတ်စိတ် ပြုလုပ်နေတာကြောင့် မိဘတွေ စိုးရိမ်ပူပန်နေကြရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013