Home
ရုပ်သံ
ရန်ကုန်တွင် မီးဖြတ်ချိန် ထပ်တိုးမည်
DVB
·
December 19, 2024
Yangon

ရန်ကုန်မြို့မှာ လျှပ်စစ်မီးဖြတ်ချိန်ကို ထပ်တိုးသွားမယ်လို့ မြို့နယ်လျှပ်စစ်ရုံးတွေက ဒီနေ့မှာ အသိပေးထားပါတယ်။

မြို့နယ်အလိုက် အုပ်စု ၂ စုခွဲပြီး မနက် ၉ နာရီကနေ ည ၉နာရီအထိ လျှပ်စစ်မီး ၄ နာရီပေး၊ ၄ နာရီဖြတ်နဲ့ ပေးတဲ့အစီအစဥ်ကနေ ဒီဇင်ဘာ ၁၉ ရက်ကစလို့ ည ၉ နာရီကနေ မနက် ၁ နာရီအထိပါ အလှည့်ကျ မီးထပ်ဖြတ်မယ်ဆိုပြီး အသိပေးလာတာဖြစ်ပါတယ်။

မူလအလှည့်ကျ မီးပေးချိန်တုန်းကလည်း မီးလာရမယ့် ၄ နာရီမှာ ဓာတ်အားထိန်းညှိလို့ဆိုပြီး မီးပျက်တာတွေ ရှိခဲ့သလို အခုဆို ညပိုင်းအိပ်ချိန်ပါ မီးဖြတ်ခံရမယ့်အခြေအနေ ရှိလာတာလည်းဖြစ်ပါတယ်။

တောင်ဥက္ကလာပမြို့နယ်မှာ နေထိုင်သူတယောက်က “မီးလာရမယ့်အလှည့်လည်း အကြောင်းအမျိုးမျိုးပြပြီး မီးထပ်ဖြတ်သေးတာ။ အခုက ညအိပ်ချိန်ပါ ပျက်ဦးမှာဆိုတော့ တော်တော်လွန်သွားပြီ။ နွေရာသီဆိုရင် မီးကရတောင် ရပါဦးမလား” လို့ ပြောပါတယ်။

လူနေရပ်ကွက်တွေကို လျှပ်စစ်မီးဖြတ်မယ့်အချိန် ထပ်တိုးသလို စက်မူဇုန်တွေကိုလည်း တရက်ခြား ၄ နာရီပဲ မီးပေးတော့မယ်ဆိုပြီးလည်း လျှပ်စစ်ဌာနက အသိပေးထားပါတယ်။

စက်ရုံတွေအနေနဲ့ လျှပ်စစ်မီးပိုဖြတ်ခံရမှာဖြစ်လို့ ကုန်ကျစရိတ်တွေ ပိုလာမှာဖြစ်မယ့်အတွက် လည်ပတ်ဖို့ အခက်အခဲရှိလာနိူင်တယ်လို့ လုပ်ငန်းရှင်အချို့က ဆိုပါတယ်။

အထည်ချုပ်စက်ရုံမန်နေဂျာတယောက်က “အခုက ဘာမှမရှိတဲ့အရပ်မှာ ရင်းနှီးမြှုပ်နှံနေရတဲ့သဘော ဖြစ်နေတာ။ ကုန်ကျစရိတ်တွေက မလိုအပ်ဘဲ ပိုများနေတော့ ရင်းနှီးမြှုပ်မူတွေက တိုးဖို့နေနေသာသာ၊ ထပ်လျော့တော့မှာ” လို့ ပြောပါတယ်။

စက်ရုံလုပ်ငန်းရှင်တွေအနေနဲ့ လျှပ်စစ်ဓာတ်အားတိုးပေးရင် မီတာခကို ပိုပေးဆောင်မယ်လို့ ၂၀၂၃ အတွင်းက စစ်ကောင်စီကို ကမ်းလှမ်းခဲ့ဖူးပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက လျှပ်စစ်မီးတိုးမပေးနိုင်တဲ့အပြင် ဒီနှစ်လယ်ပိုင်းမှာ အိမ်သုံးမီတာခတွေကို နဂိုထက် ၂ ဆနဲ့ လုပ်ငန်းသုံးတွေကို ၃ ဆနီးပါး တိုးကောက်ခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013