Home
မြန်မာသတင်း
ရန်ကုန်တွင်  ဗိုင်းရပ်စ် ၄ မျိုးအထိ ကူးစက်ခံ ကလေးလူနာများရှိနေ 
DVB
·
December 20, 2024

ရန်ကုန်ရှိ ဆေးရုံဆေးခန်းတွေမှာ ကလေးလူနာတွေ များလာပြီး ဗိုင်းရပ်စ် ၄ မျိုးလောက်အထိ ကူးစက်ခံနေရတဲ့ ကလေးငယ်တွေရှိနေတယ်လို့  ကလေးမိခင်တွေထံက သိရပါတယ်။

လသားအရွယ်ကနေ ၁၀ နှစ်အရွယ်အထိ ကလေးငယ်တွေမှာ အန်တာ၊ ဝမ်းသွားတာ၊ ဖျားတဲ့ အပြင် ပါးချိတ်ယောင်ရောဂါ စတဲ့ ကူးစက်တတ်တဲ့ရောဂါတွေ ဖြစ်ပွားနေကြပြီး တရုတ်နိုင်ငံမှာ ကူးစက်ပြန့်ပွားနေတဲ့ နိုရိုဗိုင်းရပ်စ်ပျံ့နှံ့လာတာလို့လည်း ကလေးမိခင်တွေက သံသယရှိနေပါတယ်။

ကလေးမိခင်တယောက်က“သောကြာနေ့ ညနေကတည်းက အန်တဲ့ အအန်က အခုမနက်အထိ မပျောက်ဘူ။ ကျမလည်း ဆေးခန်းသွားတာပဲ။ ဆရာက ပိုးသတ်ဆေးတွေပေးလည်း မသက်သာဘူး။ အိမ်မှာနေနေရင် အားယုတ်သွားပြီးတော့ သတိလစ်တာတို့ ဖြစ်မှာစိုးလို့ ဆေးရုံကိုပဲတန်းလာလိုက်တာ။ ဆေးခန်းလည်း သောကြာနေ့ကနေဆိုရင် ဆေးဝင်ပြီဆိုရင် တနင်္လာမနက်ဆို ဖြစ်စရာအကြောင်း မရှိတော့ဘူးလေ။ ဆေးတွေလည်းပြောင်းပေးတယ်။ သူတို့ကျောင်းကပြောတယ်၊ ကလေးတွေ တော်တော်များများ ဖြစ်ကြတယ်တဲ့၊ ဗိုင်းရပ်စ်က တရုတ်ပြည်က ဗိုင်းရပ်စ်လို့ပြောတာပဲ။ အဲ့ဒါ ၁၀ ရက်လောက်ကြာတယ်တဲ့” လို့ ပြောပါတယ်။

ကလေးတွေမှာ ဖျားတာ၊ အန်တာ၊ ဝမ်းသွားတာအပြင် စာသင်ကျောင်းတွေမှာလည်း ကူးစက်မှုတွေရှိနေတယ်လို့ ကလေးမိဘတွေက ပြောဆိုနေကြပါတယ်။

အခုရက်ပိုင်းအတွင်း ရန်ကုန်မြို့မှာ ဖျားနာလူနာအပါအဝင် ဗိုက်အောင့်တာ၊ ဝမ်းပျက်ဝမ်းလျှောလူနာတွေ များလာပေမဲ့ စစ်ကောင်စီကတော့ တစုံတရာ ထုတ်ပြန်ကြေညာထားတာ မရှိသေးပါဘူး။

ရာသီအကူးအပြောင်းလည်း ဖြစ်တာကြောင့် ကလေးငယ်တွေမှာ ဖျားနာတာ ခပ်စိတ်စိတ်ဖြစ်နေပြီး သက်လတ်ပိုင်းနဲ့ လူကြီးအများစုမှာလည်း ဗိုက်အောင့် ဝမ်းပျက်ဝမ်းလျှောတာတွေ အဖြစ်များနေတာကြောင့် အထူးဂရုစိုက်ကြဖို့ အထွေထွေ အထူးကုဆရာဝန်တွေက တိုက်တွန်းထားပါတယ်။

ကလေးမိခင်တယောက်က “ဟိုဟာက နိုရိုဗိုင်းရပ်စ်က ဝမ်းသွား၊ ဝမ်းပျက်၊ ဝမ်းလျော၊ ဒါက ပါးချိတ်ရောင်ဗိုင်းရပ်စ်၊ ဗိုင်းရပ်စ်တွေချည်းပဲ ဖြစ်နေကြတာပဲ။ တရုတ်မှာဖြစ်၊ မြန်မာနိုင်ငံမှာဖြစ်နေတာ။ တရုတ်ဖြစ်မဖြစ်တော့မသိဘူး။ ပါးချိတ်ဖြစ်တာလည်း သုံးလေးလ၊ ငါးလရှိပြီ ဖြစ်နေကြတာ။ တယောက်ပြီး တယောက်ကူးနေကြတာ။ နောက်ပြီးတော့ ကာလဝမ်းပိုးတွေလည်း ကူးနေကြတယ်။ တိုက်ဖိုက်တွေလည်း ကူးနေကြတယ်။ အသည်းရောင် အသားဝါပိုးတွေလည်း ကူးနေကြတယ်။ ဝမ်းပျက်ဝမ်းလျော၊ ကာလဝမ်းမဟုတ်ဘဲနဲ့ နိုရိုဗိုင်းရပ်စ်လည်း တရုတ်မှာဖြစ်နေတာ၊ တယောက်ပြီးတယောက်၊ တယောက်တည်းနဲ့ကို သုံးလေးမျိုး ဖြစ်ချင်လည်းဖြစ်နေတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းကလည်း ဒေါပုံမြို့နယ် ငမိုးရိပ်ချောင်းဘေး သဲကွင်းအတွင်း ကျူးကျော်ရပ်ကွက်တွေမှာ ကာလဝမ်းရောဂါတွေ ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ အစာအိမ်အူလမ်းကြောင်း ဗိုင်းရပ်စ်ပိုး Norovirus ကူးစက်မှုများနေသလို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာလည်း ကူးစက်မှုတွေရှိနေတဲ့အတွက် ရောဂါမကူးစက်အောင် အထူးသတိပြုနေထိုင်ကြဖို့ ကျွမ်းကျင်ဆရာဝန်တွေက တိုက်တွန်း ပါတယ်။

ကူးစက်ခံရရင် ဝမ်းလျှော၊ အော့အန်၊ ဝမ်းဗိုက် ရစ်နာကျင်၊ ချမ်းတုန်ဖျား၊ ကြွက်သားနာကျင်ကိုက်ခဲ၊ ပင်ပန်းနွမ်းနယ်တာတွေကို ခံစားရနိုင်ပြီး ကြိုတင်ကာကွယ်မှုအနေနဲ့ အစားအသောက်ကို ကျက်အောင်ချက်ပြုတ်စားတာ၊ လက်သန့်ရှင်းအောင်ဆေးကြောတာ၊ လက်သုပ်စာစားတာ စတာတွေကို ရှောင်ကြဉ်ဖို့ လိုအပ်တယ်လို့ သိရပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013