ချန်းချန် ချင်းမေ ဟာ ထိုင်ဝမ်ကျွန်း၊ တိုင်ပေမြို့က ပြိုင်ပွဲတစ်ခုမှာ ၃၅ ကီလို (ပေါင် ၇၇) အလေးကို သူ့ခါးအထိ မ ပြပြီး ပရိသတ်ရဲ့ ကောင်းချီးဩဘာကို ခံယူနေပါတယ်။
အသက် ၉၀ အရွယ် ချန်းချန် ပါကင်ဆန်ရောဂါ ရှိနေကြောင်း သိရပြီးတဲ့နောက် သူ့မြေးမလေးရဲ့ တိုက်တွန်းမှုကြောင့် ပြီးခဲ့တဲ့နှစ်ကမှ အလေးမတာကို စလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းတွေက သူ ခါးမကိုင်းတော့ဘူးလိုလည်း ဆိုပါတယ်။ စနေနေ့က အလေးမပြိုင်ပွဲမှာ ချန်းချန် နဲ့အတူ အသက် ၇၀ နဲ့အထက် ပြိုင်ပွဲဝင် ၄၄ ယောက်ကို သူ့မိသားစု သုံးဆက် အပါအဝင် လူ ၂၀၀ လောက်က လာရောက်ကြည့်ရှု အားပေးကြပါတယ်။
အထူးပြုလုပ်ပေးထားတဲ့ အလေးမတံကို အသုံးပြုတဲ့ သုံးချီပြိုင်ရတဲ့ ပြိုင်ပွဲမှာ ချန်းချန်က ၄၅ ကီလို (ပေါင် ၉၉) အထိ မြှောက်နိုင်ခဲ့ပါတယ်။ လူကြီးတွေအတွက် လုပ်ပေးထားတဲ့ ဒီခြောက်ထောင့်ပါတဲ့ အလေးမတံက မြှောက်သူအတွက် ပိုမိုတည်ငြိမ်စေပြီး ကိုင်တွယ်ရ လွယ်ကူတယ်လို့ ဆိုပါတယ်။
“သက်ကြီးရွယ်အိုတွေအားလုံးကို လေ့ကျင့်ခန်းလာလုပ်ဖို့ ပြောချင်ပါတယ်။ အရမ်းကြီး ပင်ပင်ပန်းပန်း လုပ်စရာ မလိုပါဘူး၊ ကျန်းမာရေးအတွက်ပါ” လို့ ပြိုင်ပွဲအပြီးမှာ ချန်းချန် ရိုက်တာကို ပြောပါတယ်။
ချန်းချန်ဟာ ပြိုင်ပွဲမှာ တဦးတည်းသော အသက် ၉၀ ကျော် မဟုတ်ပါဘူး။ အသက်အကြီးဆုံး ပြိုင်ပွဲဝင်က အသက် ၉၂ နှစ် ရှိပါတယ်။ နောင်နှစ်မှာ ထိုင်ဝမ် လူဦးရေ ၂၃ သန်းရဲ့ ၂၀ ရာခိုင်နှုန်းကျော်ဟာ အသက် ၆၅ နှစ်ကျော်ရှိလာမှာဖြစ်ပြီး "အလွန်အမင်း သက်ကြီးလူ့အဖွဲ့အစည်း" တခု ဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်။
ချန်းချန်က သူ့စွမ်းဆောင်ရည်အတွက် ဆုတံဆိပ်နဲ့ အသိအမှတ်ပြုလက်မှတ်သာ ရခဲ့ပေမဲ့ ပရိသတ်တွေရဲ့ ချီးကျူးအားပေးမှုတွေ ရခဲ့ပြီး နာမည်ကျော်တယောက်လို ပရိသတ်ကို လက်ဝှေ့ယမ်းနှုတ်ဆက်နိုင်ခဲ့ပါတယ်။
Source: Reuters