တရုတ်အစိုးရဟာ ထိုင်ဝမ် ကျွန်းတဝိုက်မှာ အရင် စစ်ရေးစွမ်းရည်ပြပွဲတွေထက် ပိုပြီးပြင်းထန်တဲ့ ခြိမ်းခြောက်မှုအဆင့်နဲ့အတူ ဆယ်စုနှစ် ၃ ခုနီးပါးအတွင်း အကြီးဆုံးရေတပ်သင်္ဘောစုကို ထိုင်ဝမ် အပါအဝင် ဒေသတွင်းမှာ တပ်ဖြန့်ချထားတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်မှာ ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ "သီးသန့်" လေတပ်အာကာသဇုန် ၇ ခုမှာတော့ အခုအချိန်အထိ ပစ်ခတ်လေ့ကျင့်တာ မရှိသေးဘူးလို့ အကြီးတန်းစစ်ထောက်လှမ်းရေးအရာရှိ ရှဲ့ယွိရှန်းက ပြောပါတယ်။
သီးသန့်ဇုန် ၂ ခုကတော့ ထိုင်ဝမ်ရေလက်ကြားမှာရှိပြီး ထိုင်ဝမ်ကျွန်း မြောက်ဘက်မှာ တရုတ်လှုပ်ရှားမှု သိသိသာသာတိုးလာခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
ဒေသတွင်း တရုတ်ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်သင်္ဘော အရေအတွက် ၉၀ ဝန်းကျင် ကျန်နေဆဲဖြစ်ပြီး ဒါဟာ အလွန်စိုးရိမ်စရာကောင်းတယ်လို့ ထိုင်ဝမ်လုံခြုံရေးသတင်းရင်းမြစ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တရုတ်နိုင်ငံဟာ ထိုင်ဝမ်သာမက ဒေသတွင်းက တခြားနိုင်ငံတွေကိုပါ အာရုံစိုက်နေတယ်လို့လည်းဆိုပါတယ်။
ဂျပန်၊ ထိုင်ဝမ်၊ ဖိလစ်ပိုင်နဲ့ ဘော်နီယိုကျွန်းတို့ကိုဖြတ်ပြီး ကမ်းရိုးတန်း ပင်လယ်တွေကို ဝိုင်းရံ ထားတဲ့ ပထမကျွန်းစုတန်းမှာ တရုတ်တပ်တွေ တပ်ဖြန့်ချထားမှုဟာ ပြည်ပတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စွက်ဖက်တာကနေ ကာကွယ်ရေးနယ်မြေ ငြင်းဆိုဖို့ ရည်ရွယ်ထားတာလို့ ရှဲ့က ဆက်ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ရေတပ်ဟာ ပစိဖိတ်ဒေသအတွင်း တံတိုင်း ၂ ခုကို တည်ဆောက်နေပြီး တခုက ထိုင်ဝမ်ရဲ့ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်ရဲ့ အရှေ့ဘက်စွန်းမှာ ရှိနေပါတယ်။ နောက်တခုကိုတော့ ပစိဖိတ်ဒေသမှာ ထပ်မံတည်ဆောက်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ ပိုင်နက်နယ်မြေအဖြစ် ရှုမြင်တဲ့ တရုတ်နိုင်ငံဟာ သောကြာနေ့မှာ အဆုံးသတ်ခဲ့တဲ့ ထိုင်ဝမ် သမ္မတလိုင်ချင်းတယ်ရဲ့ ပစိဖိတ်ခရီးစဉ်အတွင်း သူ့ဒေါသကို ထုတ်ပြဖို့ စစ်ရေးလေ့ကျင့်မယ်လို့ မျှော်လင့်ထားကြပါတယ်။
ထိုင်ဝမ်သမ္မတဟာ သူ့ခရီးစဉ်အတွင်း အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဟာဝိုင်အီနဲ့ ဂူအမ်တို့မှာ ခရီးတထောက် နားခဲ့ပါတယ်။
Source : Reuters