Home
နိုင်ငံတကာ
ထိုင်ဝမ်ကို အမေရိကန်က လက်နက်ရောင်းရန်အတည်ပြုသည့်အပေါ် တရုတ် ဝေဖန်
DVB
·
December 1, 2024
Photo: REUTERS/Dado Ruvic/Illustration

ထိုင်ဝမ်ကို အမေရိကန်က ဒေါ်လာ ၃၈၅ သန်းဖိုး လက်နက်ရောင်းဖို့ အတည်ပြုအပြီးမှာ ပြတ်ပြတ်သားသား တန်ပြန်အရေးယူမယ်လို့ တရုတ်က ဒီဇင်ဘာ ၁ ရက်မှာ ကတိပြုခဲ့ပါတယ်။

ဒီမိုကရေစီနည်းကျအုပ်ချုပ်နေတဲ့ ထိုင်ဝမ်သမ္မတက အမေရိကန်ပိုင်နက်အတွင်း ဖြတ်သန်းသွားလာဖို့ စီစဉ်မှုအတွက် အမေရိကန်ကို မကျေနပ်ကြောင်းလည်း ပြောခဲ့ပါတယ်။

ထိုင်ဝမ်ဆီ F-16 ဂျက်လေယာဉ်တွေနဲ့ ရေဒါတွေအတွက် အပိုပစ္စည်း ဒေါ်လာ ၃၈၅ သန်းဖိုး ရောင်းချမှုကို အမေရိကန် နိုင်ငံခြားရေးဌာနက အတည်ပြုခဲ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က သောကြာနေ့မှာ ပြောပါတယ်။

ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ဟာ ဟာဝိုင်အီနဲ့ အမေရိကန်ပိုင်နက် ဂူအမ်ကျွန်းတို့မှာ ခရီးတထောက်နားပြီး ထိုင်ဝမ်အစိုးရရဲ့ ပစိဖိတ်ဒေသ သံတမန်မဟာမိတ် ၃ နိုင်ငံဆီ အလည်အပတ်ခရီးမထွက်ခွာမီ နာရီပိုင်းအလိုမှာ အမေရိကန်က ဒီရောင်းချမှုကို အတည်ပြုကြေညာခဲ့တာပါ။

ဒီရောင်းချမှုဟာ ထိုင်ဝမ်လွတ်လပ်ရေးတပ်တွေဆီ မှားယွင်းတဲ့အချက်ပြမှုတရပ်ဖြစ်ပြီး အမေရိကန်-တရုတ် ဆက်ဆံရေးကို ပျက်ပြားစေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ 

အမေရိကန်နဲ့ ထိုင်ဝမ်တို့ကြား တရားဝင်ဖလှယ်မှုမှန်သမျှကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး ဖြတ်သန်းသွားလာရေး အစီအစဉ်အတွက် အမေရိကန်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက သီးခြားထုတ်ပြန်ပါတယ်။

တရုတ်ကမ်းခြေစောင့်တပ် (CCG) ဟာ စနေနေ့က ထိုင်ဝမ်ကျွန်းမကြီးနားက ဟွားယန်ကျွန်းနဲ့ အနီးတဝိုက် ရေပိုင်နက်အတွင်း တရားဥပဒေစိုးမိုးရေးအတွက် ကင်းလှည့်ခဲ့ပါတယ်။ 

CCG ဟာ ဟွားလျန်ကျွန်းနဲ့ကပ်လျက် ရေပိုင်နက်တွေမှာ နိုဝင်ဘာလအတွင်း ဆက်တိုက်ကင်းလှည့်ခဲ့ပြီး သက်ဆိုင်ရာနယ်မြေတွေအပေါ် ထိန်းချုပ်ရေးနဲ့ စီမံခန့်ခွဲရေးကို ပိုအားကောင်းစေခဲ့တယ်၊ တရုတ်နိုင်ငံရဲ့ ပိုင်နက်အချုပ်အခြာအာဏာနဲ့ ရေပိုင်နက်ဆိုင်ရာ အခွင့်အရေးတွေကို ပြတ်ပြတ်သားသား အကာအကွယ်ပေးတဲ့ လုပ်ရပ်အဖြစ်၊ အကျိုးစီးပွားတွေ ရှိခဲ့တယ်လို့လည်း CCG က သတင်းထုတ်ပြန်ထားပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013