Home
နိုင်ငံတကာ
တရုတ် ဗဟိုစစ်ကော်မရှင်အဖွဲ့ဝင် ရေတပ်ဗိုလ်ချုပ်ကြီး မီယောင်ဟွာကို အဂတိမှုဖြင့်စစ်ဆေး
DVB
·
November 29, 2024
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်း။ (Photo : CHINA NEWS SERVICE)

တရုတ်နိုင်ငံမှာ ဩဇာကြီးမားတဲ့ ဗဟိုစစ်ကော်မရှင် (CMC) အဖွဲ့ဝင် ရေတပ်ဗိုလ်ချုပ်ကြီး မီယောင်ဟွာကို  ရာထူးကရပ်ဆိုင်းပြီး အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ 

ဒါပေမဲ့ ကာကွယ်ရေးဝန်ကြီး တုံကျွန်းကို အဂတိမှုနဲ့ စစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေကိုတော့ မဟုတ်မဟတ် လုပ်ကြံပြောဆိုမှုသာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ တရုတ်နိုင်ငံရဲ့ အမြင့်ဆုံးစစ်ရေးအဖွဲ့ဖြစ်တဲ့ ဗဟိုစစ်ကော်မရှင် (CMC) အဖွဲ့ဝင် မီယောင်ဟွာကို စည်းမျဉ်းစည်းကမ်း ဆိုးဆိုးရွားရွား ဖောက်ဖျက်မှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝူချန်းက ပြောပါတယ်။

မီယောင်ဟွာသတင်းဟာ တရုတ်ကာကွယ်ရေးဝန်ကြီးကို အဂတိလိုက်စားမှုနဲ့ စုံစမ်းစစ်ဆေးနေတယ်လို့ ဖိုင်နန်ရှယ်တိုင်းမ်က ဖော်ပြပြီး နောက်တရက်မှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြောရေးဆိုခွင့်ရှိသူက ကာကွယ်ရေးဝန်ကြီးသတင်းဟာ “လုံးဝမှန်ကန်မှုမရှိဘူး” လို့ ငြင်းဆိုလိုက်ပါတယ်။

အသက် ၆၉ နှစ်အရွယ် မီယောင်ဟွာဟာ CMC ရဲ့ နိုင်ငံရေးလုပ်ငန်းဌာနကို ဦးဆောင်နေသူ ဖြစ်ပါတယ်။ သူဟာ သမ္မတ ရှီကျင့်ဖျင်ရဲ့ တပည့်ရင်းလို့ သတ်မှတ်ခံရသူ ဖြစ်ပါတယ်။

ရှီကျင့်ဖျင်ဟာ လွန်ခဲ့တဲ့နှစ်ကစပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှာ အဂတိလိုက်စားမှုကို ကျယ်ကျယ်ပြန့်ပြန့် နှိမ်နင်းခဲ့ပါတယ်။

အထူးသဖြင့် နိုင်ငံရဲ့ နျူးကလီးယားနဲ့ ရိုးရိုးဒုံးကျည်တွေကို ကြီးကြပ်နေတဲ့ အထူးတပ်ဖွဲ့တခုဖြစ်တဲ့ ဒုံးကျည်တပ်ဖွဲ့ကို အဓိကထားပြီး စစ်ဆေးခဲ့ပါတယ်။

ဒီဖမ်းဆီးစစ်ဆေးမှုတွေကြောင့် အရင်ကာကွယ်ရေးဝန်ကြီး လီရှန်းဖူနဲ့ သူ့အရင်က ဝေဖန်းဟီတို့ အပါအဝင် အဆင့်မြင့်ဗိုလ်ချုပ်တွေ ဖယ်ရှားခံခဲ့ရပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024