တရုတ်နိုင်ငံ၊ ရှင်ကျန်းဒေသက ဗောက်စ်ဝက်ဂွန် ကားကုမ္ပဏီရဲ့ လုပ်ငန်းတွေကို ရောင်းချတော့မှာ ဖြစ်တယ်လို့ နိုဝင်ဘာ ၂၇ ရက်မှာ အတည်ပြုပါတယ်။
အဲဒီ အနောက်မြောက်ပိုင်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်ခံမှု အများအပြားရှိနေတယ် ဆိုပြီး စွပ်စွဲထားကြတာပါ။
ရှင်းကျန်းဒေသက ဝီဂါလူမျိုးတွေ အပါအဝင် တခြားလူနည်းစုတွေကိုပါ ထိန်းသိမ်းရေးစခန်းမှာ ထားရှိပြီး အတင်းအကျပ် အလုပ်စေခိုင်းတာမျိုး ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်နိုင်ငံဟာ ဝီဂါအများစုပါဝင်တဲ့ လူဦးရေ ၁ သန်းကျော်လောက်ကို ထိန်းသိမ်းထားတာ ဖြစ်တယ်လို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြကြပါတယ်။
ဂျာမန်ကုမ္ပဏီကြီးတခုဖြစ်တဲ့ ဗောက်စ်ဝက်ဂွန်ဟာ အူရွန်ချီပြည်နယ် မြို့တော်က စက်ရုံနဲ့ တာပန်မြို့က စမ်းသပ်မောင်းနှင်တဲ့ လမ်းကို SMVIC ဆိုတဲ့ တရုတ်လုပ်ငန်းခွဲဆီ ရောင်းချမှာဖြစ်ပါတယ်။
SMVIC ဟာ စက်ရုံအလုပ်သမားတွေကို ဆက်သုံးသွားမှာဖြစ်သလို SAIC တရုတ်နိုင်ငံပိုင် လုပ်ငန်းကလည်း ၂၀၄၀ အထိ ဗောက်စ်ဝက်ဂွန်နဲ့ တွဲဖက်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံက တင်သွင်းလာတဲ့ လျှပ်စစ်ကားတွေကို ဥပရောပသမဂ္ဂအနေနဲ့ အခွန်စည်းကြပ်ခဲ့တာကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ ကုန်သွယ်ရေးစစ်ပွဲ အပေါ်မှာလည်း စောင့်ကြည့်နေကြပါတယ်။
ဗောက်စ်ဝက်ဂွန်ဟာ ကုန်ကျစရိတ်လျှော့ချနိုင်ဖို့အတွက် မိခင်နိုင်ငံဖြစ်တဲ့ ဂျာမနီမှာ စက်ရုံတွေ ပိတ်သိမ်းတာမျိုးနဲ့ အလုပ်ဖြုတ်တာမျိုးအထိ ပြုလုပ်ခဲ့ပါတယ်။
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဝီဂါလူမျိုးစုဟာ တူရကီစကား ပြောဆိုကြပြီး မွတ်ဆလင်အများစု ဖြစ်သလို ကာဇက်နဲ့ ကာဂျစ်လူမျိုး အနည်းငယ်လည်း ပါဝင်ပါတယ်။
ဒါကြောင့် ပြင်သစ်နဲ့ အမေရိကန် ကုမ္ပဏီတွေကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါဖြစ်တယ်ဆိုပြီး တက်ကြွလှုပ်ရှားရေးအဖွဲ့တွေက ပြီးခဲ့တဲ့နှစ်အတွင်း တိုင်ကြားခဲ့ပါတယ်။
Source : Reuters