Home
ရုပ်သံ
မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်ကူညီသွားမည်ဟု တရုတ်အစိုးရပြော 
DVB
·
November 27, 2024
Photo: FMPRC Chinese Foreign Ministry

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲတွေ ဆက်ဖြစ်လာဖို့  အားပေးကူညီသွားမယ်လို့  တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နိုဝင်ဘာ ၂၆ ရက် ပေကျင်းမှာ ကျင်းပတဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ  ပြောကြားလိုက်ပါတယ်။ 

တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံအခြေအနေကို အမြန်ဆုံး ပြန်လည်တည်ငြိမ်လာဖို့ စိတ်ရင်းနဲ့ မျှော်လင့်နေပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို တက်တက်ကြွကြွ ဆက်လက်မြှင့်တင် အားပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကောင်းဆုံး ပံ့ပိုးကူညီသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်းက ပြောပါတယ်။

“ရင်းနှီးနီးစပ်တဲ့ အိမ်နီးချင်းနိုင်ငံအနေနဲ့ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ မြန်မာရဲ့ မြောက်ပိုင်းဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲတမ်း အလေးထား ဆောင်ရွက်နေပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေနဲ့ မငြိမ်သက်မှုတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ပါတယ်။” 

မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ အင်အားစုအားလုံးကို အပစ်အခတ်ရပ်စဲပြီး တိုက်ပွဲတွေ ရပ်ဖို့၊ ဆွေးနွေးပွဲတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကနေတဆင့် ပြဿနာတွေကို ဖြေရှင်းဖို့နဲ့  မြန်မာနိုင်ငံ မြောက်ပိုင်းက အခြေအနေတွေကို ဖြေလျှော့မှုတွေအတွက် ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။

အာဏာသိမ်းမြန်မာစစ်တပ်ကို တွန်းလှန်တိုက်ခိုက်နေတဲ့  တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က တွေ့ဆုံဆွေးနွေးဖို့ ဆန္ဒရှိကြောင်း နိုဝင်ဘာ ၂၅ ရက်က ထုတ်ပြန် ကြေညာလာပြီးနောက်မှ  တရုတ်အစိုးရဘက်က အခုလို မှတ်ချက်စကားတွေ ထွက်လာတာပါ။

မြန်မာ-တရုတ်နယ်စပ်တလျှောက်မှာ  ပြီးခဲ့တဲ့နှစ်က စတင်ခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ် အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ စစ်ကောင်စီဟာ နယ်မြေတွေ အများအပြား လက်လွှတ်ဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ တရုတ်အစိုးရက စစ်ကောင်စီကို တိုက်လေယာဉ်တွေ ရောင်းချတာ အပါအဝင် အားပေးကူညီနေပြီး တဖက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေကို  နည်းမျိုးစုံနဲ့ ဖိအားပေးနေချိန်လည်း ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024