အမေရိကန်ရဲ့ တရုတ်နိုင်ငံနဲ့ တခြားနိုင်ငံတွေနဲ့ ကုန်သွယ်မှုဆိုင်ရာ မူဝါဒဟာ ဩစတြေးလျနဲ့ တရုတ်ပြည်မကြီးအစိုးရတို့ကြား ဆက်ဆံရေးအပေါ် သက်ရောက်မှုရှိလိမ့်မယ်လို့ သြစတြေးလျနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ရှောင်းချန်းက နိုဝင်ဘာ ၂၆ ရက်မှာ ပြောပါတယ်။
“တရုတ်နဲ့ ကုန်သွယ်မှုဆိုင်ရာ အမေရိကန်မူဝါဒဟာ တခြားနိုင်ငံတွေအပေါ်လည်း သက်ရောက်မှုရှိမှာဖြစ်ပြီး အဲဒါက ကျနော်တို့ ထည့်သွင်းစဉ်းစားရမယ့် တကယ့်ကို အရေးကြီးတဲ့အချက်ပဲ” လို့ ကင်ဘာရာမြို့မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရှောင်းက ပြောပါတယ်။
ရွေးကောက်ခံ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အခွန်စည်းကြပ်မှုက သြစတြေးလျနဲ့ တရုတ် နှစ်နိုင်ငံဆက်ဆံရေးအပေါ် သက်ရောက်မလားဆိုတဲ့ မေးခွန်းအတွက် တုံ့ပြန်ဖြေကြားတာလည်း ဖြစ်ပါတယ်။
အမေရိကန်ရဲ့ အကြီးဆုံးကုန်သွယ်ဖက် ၃ နိုင်ငံဖြစ်တဲ့ ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့အပေါ် ကြီးကြီးမားမား စည်းကြပ်ခွန် ကောက်ခံမယ်လို့ ထရမ့်ပ်က နိုဝင်ဘာ ၂၅ ရက်မှာ ကတိပြုခဲ့ပါတယ်။
မက္ကဆီကိုနဲ့ ကနေဒါတို့က ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး တရုတ်သွင်းကုန်တွေအပေါ်မှာတော့ နောက်ထပ် အပိုထပ်ဆောင်းအကောက်ခွန် ၁၀ ရာခိုင်နှုန်းကောက်ဖို့ စီစဉ်ထားတယ်လို့ ထရမ့်ပ်က ကြေညာပြီးတဲ့နောက် မကြာမီ ရှောင်းက ခုလိုပြောတာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ အမေရိကန်ဆီ တရားမဝင် မူးယစ်ဆေးဝါးတွေ အထူးသဖြင့် ဖန်တာနဲလ် ဆေးဝါးတွေ စီးဆင်းမှုကို ရပ်တဲ့အထိ အခွန်စည်းကြပ်မှုတွေ ချမှတ်မယ်လို့ ထရမ့်ပ်က ပြောထားပါတယ်။
Source : Reuters