လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေး ရရှိဖို့ အမေရိကန်က တတ်နိုင်သမျှ အစွမ်းကုန် တွန်းအားပေးနေပေမဲ့ သဘောတူညီချက်တခုတော့ မအောင်မြင်သေးကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူး မစ်လာက နိုဝင်ဘာ ၂၅ ရက်မှာ ပြောကြားခဲ့ပါတယ်။
သံတမန်ရေးရာအောင်မြင်မှု လက္ခဏာတွေအကြား ပုံမှန်သတင်းစာရှင်းလင်းပွဲတခုမှာ မစ်လာက ပြောသွားတာပါ။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နူယယ် မက်ခရွန် တို့ဟာ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်အဖွဲ့နဲ့ အစ္စရေးတို့ကြား ၃၆ နာရီအတွင်း လက်ဘနွန်မှာ အပစ်အခတ် ရပ်စဲကြောင်း ကြေညာဖို့ မျှော်လင့်ရတယ်လို့ လက်ဘနွန် အကြီးတန်းသတင်းရင်းမြစ် ၄ ခုက ပြောကြားခဲ့ပါတယ်။
နိုင်ငံခြားရေးဌာနကတော့ သူတို့မှာ သဘောတူညီချက်တခု ရှိတယ်လို့ မယူဆထားကြောင်း မစ်လာက ပြောဆိုပြီး သူတို့အနေနဲ့ သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ယုံကြည်ထားပြီး ကွာဟချက်တွေကို သိသိသာသာ ကျဉ်းမြောင်းသွားပြီလို့ ယူဆထားကြောင်း၊ ဒါပေမဲ့လည်း အကောင်အထည်ဖော်ဖို့ လိုအပ်နေတဲ့ လုပ်ဆောင်ရမယ့်အဆင့်တွေ ရှိနေပါသေးတယ် လို့လည်း ဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ဂါဇာရှိ ပါလက်စတိုင်း အစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်ကို အစ္စရေးက လက်တုံ့ပြန်ဆင်နွှဲတဲ့ စစ်ပွဲနဲ့အပြိုင် ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ ဖြစ်ပွားခဲ့တဲ့ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာနဲ့ အစ္စရေးတို့အကြား တိုက်ပွဲတွေကို အဆုံးသတ်ဖို့ တွန်းအားပေးခဲ့ပါတယ်။
လက်ဘနွန်မှာ စစ်ပွဲတွေဟာ ပြီးခဲ့တဲ့ ၂ လအတွင်းမှာ ပြင်းပြင်းထန်ထန် ကြီးထွားလာခဲ့တာပါ။
အစ္စရေးဟာ နယ်စပ်ဖြတ်ကျော် ပစ်ခတ်တိုက်ခိုက်မှုတွေ တနှစ်နီးပါး ကြာလာခဲ့ပြီးနောက် စက်တင်ဘာမှာ ဖိအားပေး ထိုးစစ်ဆင်ခဲ့တာကြောင့် ဘေရွတ်မြို့ရှိ ဟစ်ဇ်ဘိုလာ ထိန်းချုပ်ထားတဲ့ တောင်ပိုင်း ဆင်ခြေဖုံးတွေကို အစ္စရေးလေကြောင်းက ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုနဲ့အတူ သံတမန်ရေးအရ အောင်မြင်မှု လက္ခဏာတွေလည်း ရှိလာတာ ဖြစ်ပါတယ်။
Source: Reuters