Home
နိုင်ငံတကာ
စိုက်ပျိုးရေးဝန်ကြီး ရွေးအပြီး ထရမ့်ပ် အစိုးရအဖွဲ့ လူစုံ
DVB
·
November 24, 2024
Photo: Reuters

ဒေါ်နယ်ထရမ့်ပ်က သူနဲ့ ရင်းနှီးတဲ့ မာဂါ (Make America Great Again) အုပ်စုက ပံ့ပိုးပေးထားတဲ့  အမေရိကပထမမူဝါဒ အင်စတီကျုရဲ့ ဥက္ကဋ္ဌ ဘရုခ်ရောလင်းစ်ကို စိုက်ပျိုးရေးဝန်ကြီးအဖြစ် အဆိုပြုခဲ့ပြီး ဒီရာထူးအတွက်ရွေးချယ်ကြောင်း ကြေညာခဲ့အပြီးမှာ ထရမ့်ပ်ရဲ့ အစိုးရအဖွဲ့ လူစုံသွားပြီ ဖြစ်ပါတယ်။ 

ရောလင်းစ်ဟာ ထရမ့်ပ်ကို ထောက်ခံတဲ့ လက်ယာယိမ်း သုတေသနဌာန အမေရိကန်ပထမ မူဝါဒ အင်စတီကျုရဲ့ ပူးတွဲတည်ထောင်သူနဲ့ ဥက္ကဋ္ဌအနေနဲ့ နှစ်ပေါင်းများစွာ ထရမ့်ပ်နဲ့ ရင်းနှီးခဲ့သူ ဖြစ်ပါတယ်။ 

ရွေးကောက်ခံသမ္မတရဲ့ ပထမသက်တမ်းမှာ အိမ်ဖြူတော်အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အမေရိကန် ဆန်းသစ်တီထွင်မှုရုံး ညွှန်ကြားရေးမှူးနဲ့ ပြည်တွင်းမူဝါဒကောင်စီရဲ့ ယာယီညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူခဲ့ပါတယ်။ 

လယ်ယာမှာ ကြီးပြင်းခဲ့တဲ့ ရောလင်းစ်ဟာ နိုင်ငံတဝှမ်း စိုက်ပျိုးရေးအသင်းဖြစ်တဲ့ 4H အပြင် အနာဂတ် အမေရိကန်တောင်သူလယ်သမားများအသင်းနဲ့လည်း ဟိုးအရင်ကတည်းက ပတ်သက်မှုရှိခဲ့သူ ဖြစ်ပါတယ်။ 

တက္ကဆက် A&M တက္ကသိုလ်ကနေ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု ဘွဲ့ရခဲ့ပြီး နောက်ပိုင်းမှာ ရှေ့နေအဖြစ် အလုပ်လုပ်ခဲ့ပါတယ်။

အထက်လွှတ်တော်က အတည်ပြုပေးရင် သူဟာ လယ်ယာထောက်ပံ့ကြေးတွေ၊ ဖယ်ဒရယ် အာဟာရ အစီအစဉ်တွေ၊ အသားစစ်ဆေးရေးတွေနဲ့ နိုင်ငံရဲ့ လယ်ယာ၊ စားနပ်ရိက္ခာနဲ့ သစ်တောလုပ်ငန်းတွေရဲ့ အခြားအပိုင်းတွေကို ကြီးကြပ်ရမှာ ဖြစ်ပါတယ်။

ထရမ့်ပ်က ကတိပေးထားတဲ့ စည်းကြပ်ခွန်တွေပါဝင်နိုင်တဲ့ အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကိုတို့ကြား ကုန်သွယ်ရေး သဘောတူညီချက်ကို ပြန်လည်ညှိနှိုင်းတဲ့နေရာမှာလည်း အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်မှာ ဖြစ်ပါတယ်။ 

အစိုးရဌာနတခုချင်းစီကို ဦးဆောင်မဲ့ ဝန်ကြီး ၁၅ ဦးစလုံး စုံသွားပြီဖြစ်ပြီး အထက်လွှတ်တော်ရဲ့ အတည်ပြုချက်တော့ လိုအပ်မှာဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024