ပြင်ပအင်အားစုတွေရဲ့ အကူအညီနဲ့ လွတ်လပ်ရေးရယူတာမျိုး မလုပ်ဖို့ တရုတ်ပြည်မကြီး အစိုးရက ထိုင်ဝမ်ကို နိုဝင်ဘာ ၂၇ ရက်မှာ သတိပေးခဲ့ပါတယ်။
ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ရဲ့ ပစိဖိတ်ခရီးစဉ်နဲ့အတူ အမေရိကန်မှာ ခရီးတထောက်နားမယ့် အစီအစဉ်ကို တုံ့ပြန်လိုက်တာပါ။
လိုင်ဟာ ပစိဖိတ်ဒေသထဲက ထိုင်ဝမ်အစိုးရရဲ့ သံတမန် မဟာမိတ် ၃ နိုင်ငံဆီ နိုဝင်ဘာ ၃၀ ရက်မှာ စတင်လည်ပတ်မှာဖြစ်ပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲ အပြီး မကြာမီ အမေရိကန်ပိုင်နက်ဖြစ်တဲ့ ဂူအမ်နဲ့ ဟာဝိုင်အီ တို့မှာ ခရီးတထောက်နားဖို့ အကဲဆတ်တဲ့ ခရီးစဉ်အဖြစ် ခရီးထွက်ဖို့ စီစဉ်နေတယ်လို့ သတင်းရင်းမြစ်တွေက ရိုက်တာသတင်းဌာနကို ပြောခဲ့တာပါ။
တရုတ်တနိုင်ငံတည်း မူဝါဒကို လိုက်နာဖို့နဲ့ ထိုင်ဝမ် လွတ်လပ်ရေး ကြိုးပမ်းနေတဲ့ အင်အားစုတွေဆီ အမှားတွေ အချက်ပြနေတာကို ရပ်တန့်ဖို့ ထိုင်ဝမ်ရေးရာရုံးက ပြောရေးဆိုခွင့်ရှိသူ ချင်ဘင်ဟွာက အမေရိကန်ကို ဗုဒ္ဓဟူးနေ့မှာ တောင်းဆိုခဲ့ပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် တရုတ်က ရှုမြင်ထားပြီး အမေရိကန်အစိုးရနဲ့ ဆက်ဆံရေးက အရေးကြီးဆုံးပြဿနာလို့ ရှုမြင်ထားတဲ့ တရုတ်အစိုးရဟာ ခွဲထွက်ရေးသမားလို့ တံဆိပ်ကပ်ထားတဲ့ လိုင်ကို ပြင်းပြင်းထန်ထန် မကြိုက်နိုင် ဖြစ်နေတာပါ။
လိုင်ရဲ့ ခရီးစဉ်အပြီး ဒီဇင်ဘာ ၆ ရက်နောက်ပိုင်း ဒါမှမဟုတ် အဲဒီရက်ဝန်းကျင်မှာ တရုတ်ပြည်မကြီးအစိုးရဟာ ထိုင်ဝမ်ကျွန်း အနီးတဝိုက်မှာ စစ်ရေးလေ့ကျင့်မယ့်ပုံ ပေါ်တယ်လို့ ထိုင်ဝမ်နဲ့ ဒေသတွင်း လုံခြုံရေးအရာရှိတွေက အကဲဖြတ်ထားပါတယ်။
ထိုင်ဝမ်ရေလက်ကြားကိုဖြတ်ပြီး ပျံသန်းလာတဲ့ အမေရိကန်ရေတပ် ကင်းလှည့်လေယာဉ်ကို စောင့်ကြည့်၊ သတိပေးဖို့ ရေတပ်နဲ့ လေတပ်တွေကို တပ်ဖြန့်ချထားတယ်လို့ တရုတ်စစ်တပ်က နိုဝင်ဘာ ၂၆ ရက်မှာ ပြောပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို လှည့်ဖြားနေတယ်လို့လည်း အမေရိကန်ကို ရှုတ်ချခဲ့ပါတယ်။
Source : Reuters