အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူအဆိုပြုထားတဲ့ ၂၅ ရာခိုင်နှုန်း စည်းကြပ်ခွန်ကို မဖြစ်မနေ လုပ်ဆောင်လာရင် မက္ကဆီကိုကလည်း လက်တုံ့ပြန်မှာ ဖြစ်တယ်လို့ မက္ကဆီကိုသမ္မတ ရှိန်းဘောင်းမ်က နိုဝင်ဘာလ ၂၇ ရက် မနက်ခင်း သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။
ဒီလို သူ့အစိုးရက သတိပေးတဲ့လုပ်ရပ်ဟာ အမေရိကန် အလုပ်အကိုင် ၄ သိန်းလောက်ကို ထိခိုက်စေနိုင်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
ရှိန်းဘောင်းမ်နဲ့အတူ စကားပြောနေတဲ့ မက္ကဆီကို စီးပွားရေးဝန်ကြီး မာဆယ်လို အက်ဘ်ရာ့ဒ် ကတော့ လက်တုံ့ပြန်တဲ့ သွင်းကုန်ခွန်စစ်ပွဲအစား ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုနဲ့ ပေါင်းစည်းမှု ပိုမိုပြုလုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။
အခွန်စည်းကြပ်မှုကြောင့် အမေရိကန် အလုပ်အကိုင် ကြီးကြီးမားမား ဆုံးရှုံးမှု၊ တိုးတက်မှု နိမ့်ကျသွားစေမှုတို့ကို ကြုံရလိမ့်မှာဖြစ်ပြီး မက္ကဆီကိုမှာ ထုတ်လုပ်တဲ့ အမေရိကန် ကုမ္ပဏီတွေလည်း သူတို့ပေးဆောင်ရမယ့် အခွန်တွေ ၂ ဆ တိုးသွားရလိမ့်မယ်လို့ အက်ဘ်ရာ့ဒ်က သတိပေး ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် မော်တော်ကားနယ်ပယ်က ထိပ်တန်း နယ်စပ်ဖြတ်ကျော် တင်ပို့ရောင်းချသူတွေကို ပြင်းပြင်းထန်ထန် ထိခိုက်နိုင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
မြောက်အမေရိက ကားထုတ်လုပ်မှုအားလုံးရဲ့ ၂၅ ရာခိုင်နှုန်းနီးပါးကို ကိုယ်စားပြုနေတဲ့ မက္ကဆီကိုရဲ့ မော်တော်ယာဥ်လုပ်ငန်းဟာ နိုင်ငံရဲ့ အရေးအကြီးဆုံး ကုန်ထုတ်လုပ်မှုကဏ္ဍ ဖြစ်ပြီး အမေရိကန်ကို အများစုတင်ပို့နေတာ ဖြစ်ပါတယ်။
Source : Reuters