Home
နိုင်ငံတကာ
ပီရူး အမေဇုန်တွင် ကုန်းရေနှစ်သွယ်နေ ကြွက်အပါဝင် မျိုးစိတ်သစ် ၂၇ မျိုး တွေ့ရှိ
DVB
·
December 22, 2024
Photo: Ronald Diaz/Handout via REUTERS

အမေဇုန်တောနက် ပီရူးဘက်ခြမ်းမှာ ကုန်းပေါ်မှာ ရေထဲမှာ ပါနေနိုင်တဲ့ ကြွက်မျိုးစိတ်သစ် အပါအဝင် မျိုးစိတ်သစ် ၂၇ မျိုးကို တွေ့ရှိခဲ့တယ်လို့ Conservation International က ပြောပါတယ်။ 

ဒီကြွက်မျိုးစိတ်မှာ အရေပြားတွဲနေတဲ့ ခြေချောင်းတွေပါဝင်ပြီး ရေနေ အင်းဆက်တွေ စားသောက်ရှင်သန်တဲ့မျိုးနွယ် ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်က ပီရူးနိုင်ငံ အမေဇုန်ဒေသမှာ လုပ်ခဲ့တဲ့ သုတေသနခရီးစဉ်အတွင်း လေ့လာတွေ့ရှိခဲ့တဲ့ မျိုးစိတ်သစ်တွေကို အခုမှ ထုတ်ပြန်တာဖြစ်ပါတယ်။ 

သိပ္ပံပညာရှင်တွေဟာ ဆူးရှိတဲ့ကြွက်တမျိုး၊ ရှဉ့်တမျိုး၊ ငါးမျိုးစိတ် ၈ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၃ မျိုးနဲ့ လိပ်ပြာမျိုးစိတ် ၁၀ မျိုးကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်လို့  Conservation International ရဲ့ အကဲဖြတ်အစီအစဉ်အကြီးအကဲ ထရွန် လာဆင်က ပြောပါတယ်။ 

နောက်ထပ် မျိုးစိတ် ၄၈ မျိုးကိုလည်း တွေ့ရှိခဲ့ပြီး မျိုးစိတ်သစ်တွေ ဖြစ်နိုင်ပေမဲ့ ထပ်မံလေ့လာဖို့ လိုအပ်သေးတယ်လို့ လာဆင်က ဖြည့်စွက်ပြောကြားပါတယ်။ 

မျိုးစိတ်သစ်တွေကို ဒေသခံတိုင်းရင်းသားတွေရဲ့ နယ်မြေတွေ၊ ကျေးရွာတွေနဲ့ ဂေဟစနစ်အမျိုးမျိုး ပါဝင်တဲ့ အယ်လ်တိုမာယို (Alto Mayo)  ထိန်းသိမ်းရေးနယ်မြေမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် ဇွန်လကနေ ဇူလိုင်လအထိ လုပ်ခဲ့တဲ့ သုတေသနခရီးစဉ်မှာ သိပ္ပံပညာရှင် ၁၃ ဦးအပြင် ဒေသခံ ကျွမ်းကျင်သူတွေနဲ့ ဌာနေတိုင်းရင်းသားတွေလည်း ပါဝင်ခဲ့ကြပါတယ်။ 

မျိုးစိတ်သစ်တွေထဲက အမွေးမာတွေပါတဲ့ ဆူးရှိကြွက်၊ ကုန်းရေ နှစ်သွယ်နေတဲ့ ကြွက်နဲ့ အလျား ၁၄ စင်တီမီတာ (၅.၅ လက်မ) ရှိတဲ့ ရှဉ့်ပုလေးတို့က ထူးခြားတယ်ဆလို့ ဆိုပါတယ်။

နောက်ထပ် သူအကြိုက်ဆုံး တွေ့ရှိချက်တခုကတော့ ခေါင်းမှာ အရည်ပျစ်ကြီးလိုမျိုးရှိနေတဲ့ ငါးမျိုးတမျိုး ဖြစ်တယ်လို့ လာဆင်က ပြောပါတယ်။ 

ရက်ပေါင်း ၃၈ ရက်ကြာ သုတေသနခရီးစဉ်အတွင်းမှာ ကင်မရာထောင်ခြောက်၊ အသံဖမ်းကိရိယာတွေနဲ့ DNA နမူနာကောက်ယူခြင်းတွေကနေ စုစုပေါင်း မျိုးစိတ်ပေါင်း ၂,၀၄၆ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အဲဒီထဲက မျိုးစိတ် ၄၉ မျိုးကို မျိုးတုံးလုနီးပါး မျိုးစိတ်တွေအဖြစ် သတ်မှတ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013