Home
မြန်မာသတင်း
ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူ အရာတော်က အမျိုးသမီး ၂ ဦးအတွက် တရားမျှတမှုရရေး တောင်းဆို
DVB
·
December 20, 2024

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်မှာ ကိုယ်ထိလက်ရောက်ကျူးလွန်ခံရသူ အမျိုးသမီး ၂ ယောက်အမှုကိစ္စနဲ့ပတ်သက်လို့ ကျူးလွန်သူအပေါ် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုထားပါတယ်။ 

ဒီဇင်ဘာ ၁၄ ရက်က အရာတော်မြို့နယ်အတွင်း သတင်းထောက်ငြိမ်းချမ်းမေနဲ့ သူ့ရဲ့ ပါတနာ transgender အမျိုးသမီးတို့ကို နှုတ်နဲ့ စော်ကားတာအပြင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့သူကို တရားဥပဒေအရ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ သတင်းမီဒီယာတွေက တောင်းဆိုနေကြပါတယ်။

ကိုယ်ထိလက်ရောက်ပြုမှုတဲ့ကိစ္စကို ရှုတ်ချကြောင်းနဲ့   ကျူးလွန်သူကို ထိရောက်စွာ အပြစ်ပေးအရေးယူဖို့ Women Alliance Burma ၊ Gender Equality Network , sister2sisters စတဲ့ လူ့အခွင့်အရေးအဖွဲ့တွေအပါအဝင် ၁၁ ဖွဲ့က ပူးပေါင်းထုတ်ပြန်တောင်းဆို နေကြပါတယ်။

sister2sisters အဖွဲ့မှ မသဉ္ဇာရွှန်းလဲ့ရည်က “ဒီအရာတော်က ဖြစ်ရပ်မှာဆိုရင် အမျိုးသမီးတွေအပေါ်မှာ နှိမ်ချစော်ကားပြီး အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေလည်း ပါသလို တချိန်တည်းမှာ LGBT အသိုက်အဝန်းကိုပါ ထိခိုက်စော်ကားတာဖြစ်တော့ အရာတော်က အမျိုး  သမီးနှစ်ယောက်ရဲ့ ဖြစ်ရပ်လို့ပဲ မမြင်ဘဲနဲ့၊ ကျမတို့အမျိုးသမီးထု LGBT ထု အထူးသဖြင့်  ပြည်သူတွေရဲ့ မျက်စိနားတွေ ဖြစ်တဲ့ သတင်းမီဒီယာတွေကို တိုက်ခိုက်မှုတခုလို့ ရှုမြင်ကြစေချင်တယ်။ ဒီအမျိုးသမီး နှစ်ယောက်သည် ထိခိုက်မှုတွေကပဲ ကြီးစိုးသွားပြီး တရားမျှတမှုမရခဲ့ဘူးဆိုရင် ဒီလိုဖြစ်ရပ်တွေကြုံရနိုင်ချေရှိတဲ့ တခြားသော အမျိုးသမီးတွေ တခြားသောသူတွေကို မကာကွယ်နိုင်ဘူးဆိုတဲ့ သတင်းစကားပေးပြီး သွားဖြစ်နေပါလိမ့်မယ်။ ဆိုတော့ ကျမတို့ တော်လှန်ရေးမှာပါဝင်နေတဲ့ ခေါင်းဆောင်တွေက ဒီကိစ္စကို အရေး တယူပြုဖို့လိုတယ်၊ ဒီလိုမျိုးနဲ့ ဖြစ်လာနိုင်ချေရှိတဲ့ မတရားမှုတွေကို ကာကွယ်ပြီးသားဖြစ်မယ်ပေါ့” လို့ ပြောပါတယ်။

ကျူးလွန်ခံရသူ ၂ ယောက်စလုံးကတော့ လုံခြုံတဲ့နေရာမှာ ရှိနေပြီး တရားစွဲဆိုရေးကိစ္စတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ကျူးလွန်ခံရသူ သတင်းထောက် ငြိမ်းချမ်းမေက DVB ကို ပြောပါတယ်။

“လုံခြုံရေးအတွက်လည်း နေရာရွှေ့ထားပြီးပြီ၊ ဆက်လုပ်ရမယ့် တရားစွဲဆိုတဲ့ ကိစ္စတွေလည်း ရှေ့နေတွေနဲ့ တိုင်ပင်ပြီးတော့ ဆက်လုပ်နေတာမျိုးတွေလည်း ရှိပါတယ်လို့၊ ပလဖ တို့ဘက်ကတော့ တလွဲတွေလုပ်နေတုန်းပဲပေါ့။ ဒါပေမဲ့လည်း ဒီအမှုကတော့ တော်တော်လေး လူသိများပြီးတော့ တော်တော်လေးပြန့်သွားတာဖြစ်တဲ့အတွက် သေချာလေးတိုင်ကွယ်မယ်လို့ မျှော်လင့်တယ်ပေါ့။ သော်သော်ကတော့ သက်သာတယ်၊ ဒါပေမဲ့ သူဆံပင်ကဆွဲပြီး မြေကြီးပေါ်ပြုတ်ကျသွားတဲ့အရှိန်ကြောင့်နဲ့ သူက အရင်တည်းက ပန်းနာရင်ကြပ်သမား ဆိုတော့ ဖြစ်ပြီးတော့ နောက် သုံးရက်လောက်ထိ မနက်ပိုင်းဆိုသွေးပြန်အန်တာမျိုးရှိတယ်၊ ဒါပေမဲ့ ဒီနေ့တော့ အဆင်ပြေလာပြီ သူလည်း သက်သာလာပြီလို့ ထင်ပါတယ်။

လက်ရှိမှာ အရာတော်မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)ဆီ တိုင်တန်းထားပြီး  ပုဒ်မ ၂၉၄၊ နာကျင်စေမှု ပုဒ်မ ၃၂၃ တို့နဲ့ အမှုဖွင့်ထားကြောင်းပြောပါတယ်။

ကိုယ်ထိလက်ရောက်ကျူးလွန်ခံခဲ့ရသူ transgender အမျိုးသမီးကတော့ ဒီအကြမ်းဖက်ခံရမှုအတွက် ချက်ချင်းဖြေရှင်းပေးစေချင်ကြောင်းနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် ကျူးလွန်မှုတွေအတွက်လည်း တရားမျှတမှု လိုလားကြောင်း ပြောပါတယ်။

“မတရားမှုတွေ ကြုံလာရင် ချက်ချင်း ဖြေရှင်းဖို့ကြိုးစားမှသာ အကြမ်းဖက်မှု  ကျူးလွန်သူတွေဟာ တာဝန်ယူမှု၊ တာဝန်ခံမှုကနေ လွတ်မြောက်နေတာမျိုး မရှိမှာဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာက လိင်စိတ်ခံယူမှုကွဲပြားသူတွေကို အကာအကွယ်ပေးတဲ့ဥပဒေတွေ မရှိသေးတဲ့အပြင် ဖိနှိပ်တဲ့ ဥပဒေတွေပဲ ရှိနေတာဖြစ်လို့ ဘာတွေဆက်ပြီး ရင်ဆိုင်ရမလဲတော့ မသိသေးပါဘူး။”

သတင်းသမားတယောက်ဖြစ်တဲ့အတွက်လည်း သတင်းအဖွဲ့အစည်းတွေဖြစ်တဲ့ မြေလတ်သံ၊ လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး- IMJA စတဲ့အဖွဲ့အစည်းတွေကလည်း ကျူးလွန်သူကို ကန့်ကွက်ရှုတ်ချ ကြောင်းနဲ့ တရားမျှတစွာ စီရင်ဖို့ကို တိုက်တွန်းထားကြပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013