Home
အားကစား
ဘလွန်းဒီအောဆုရှင် ရိုဒရီ ဖီဖာအကောင်းဆုံးဆုနှင့် လွဲချော် 
DVB
·
December 18, 2024
Photo : Reuters

၂၀၂၄ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုရှင် ရိုဒရီဟာ ဖီဖာအကောင်းဆုံးဆုနဲ့ လွဲချော်ခဲ့ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။

၂၀၂၄ ဖီဖာရဲ့ တနှစ်တာအကောင်းဆုံး ကစားသမားဆုကို ဘရာဇီးနဲ့ ရီးရဲလ်တိုက်စစ်မှူး ဗီနီးစီးယက် ဂျူနီယာက ရရှိသွားတာဖြစ်ပြီး မန်စီးတီးကစားသမား ရိုဒရီကတော့ ဆုနဲ့ လွဲသွားခဲ့တာပါ။

အကောင်းဆုံး ဒုတိယဆုကို စပိန်နဲ့ ဥရောပချန်ပီယံဖြစ်ခဲ့တဲ့ ရိုဒရီက ရရှိခဲ့ပြီး တတိယဆုကို အင်္ဂလန်ကွင်းလယ်လူ ဘယ်လင်ဂမ်က ရရှိခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာဟာ ၁၉၉၁ ခုနှစ်က စတင်ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ပေးခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဂျာမနီကွင်းလယ်လူ လိုသာမာသီးယက်စ် ရရှိခဲ့ပြီး နှစ်စဉ် ပထမ၊ ဒုတိယ၊ တတိယ ဆိုပြီး ကစားသမား ၃ ယောက် ရွေးချယ်ခဲ့ပါတယ်။ ဒီအကောင်းဆုံးကစားသမားဆုကို ရိုမာရီယို၊ ဇီဒန်း၊ ရော်နယ်ဒင်ဟို၊ ကာကာ၊ ဖီဂို စတဲ့ ကစားသမားတွေလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။

၂၀၁၀  ကနေ ၂၀၁၅ ခုနှစ်အတွင်း ဖီဖာက ပြင်သစ်မဂ္ဂဇင်းနဲ့ပူးပေါင်းခဲ့ပြီး ဘလွန်းဒီအောဆုဆိုပြီး ဆု ၂ ခုကို ပေါင်းကာ ပေးခဲ့တာဖြစ်ပါတယ်။ အဲဒါကို ဖီဖာ ဘလွန်းဒီအောလို့ နာမည် ၂ ခုကို ပေါင်းပြီး ခေါ်ခဲ့ကြပါတယ်။ ၂၀၁၆ ခုနှစ်မှာ ဖီဖာက အရင်လို အကောင်းဆုံးကစားသမားဆုကို ပြန်လည်ပေးအပ်ခဲ့ပြီး ဖီဖာအကောင်းဆုံးကစားသမားဆု ဆိုတဲ့နာမည်ကို သုံးခဲ့ပါတယ်။ 

ဖီဖာက အကောင်းဆုံးဆုတွေ ပြန်ပေးအပ်တဲ့အခါ အကောင်းဆုံး အမျိုးသား၊ အမျိုးသမီး၊ နည်းပြ၊ ဂိုး စတဲ့ ဆုတွေကို ပြန်သတ်မှတ်ခဲ့ပါတယ်။ ဖီဖာရဲ့ အကောင်းဆုံးကစားသမားဆုကို လက်ရွေးစင်အသင်းနည်းပြ၊ အသင်းခေါင်းဆောင်၊ ဂျာနယ်လစ်တွေနဲ့ တကမ္ဘာလုံးက ပရိသတ်တွေရဲ့ မဲတွေနဲ့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဘလွန်းဒီအောဆုကတော့ ဂျာနယ်လစ်တွေ အဓိက မဲပေးရွေးချယ်တဲ့ဆုပဲ ဖြစ်ပါတယ်။ ဘလွန်းဒီအောဆုဟာ ၁၉၅၆ ခုနှစ်ကတည်းက စတင်တည်ရှိခဲ့တာဖြစ်ပြီး အဲဒီတုန်းက ဥရောပမှာ ကစားတဲ့ ကစားသမားတွေကို အဓိကရွေးချယ်တဲ့ဆု ဖြစ်ပါတယ်။ နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့ ဥရောပအခြေစိုက် ကစားသမားနဲ့ ကစားသမားအားလုံးကို ခြုံပြီး ဆုရွေးချယ်ပေးအပ်ခဲ့ပါတယ်။

ဖီဖာရဲ့ အကောင်းဆုံးဆုနဲ့ ဘလွန်းဒီအောဆုတို့ ပူးပေါင်းလိုက်ချိန် ၂၀၁၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ  ယူအီးအက်ဖ်အေက ဥရောပအကောင်းဆုံး ကစားသမားဆုဆိုပြီး ဥရောပအခြေစိုက် ကစားသမားတွေကို ရွေးချယ်ပြီး ပေးခဲ့တာတွေ့ရပါတယ်။

ဒီနှစ်ကျင်းပခဲ့တဲ့ ဘလွန်းဒီအောဆုကို ဖီဖာရဲ့ အကောင်းဆုံးဆုပေးပွဲနဲ့ မတူအောင် ကျင်းပခဲ့ပြီး စပိန်ကွင်းလယ်လူ ရိုဒရီက ရရှိခဲ့ပါတယ်။ 

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013