Home
မြန်မာသတင်း
MNDAA နှင့် စစ်ကောင်စီတပ် ဆွေးနွေးပွဲ သဘောတူညီချက်မရဘဲ ပြီးဆုံး
DVB
·
December 17, 2024
Photo: The Kokang

MNDAA ကိုးကန့်တပ်နဲ့ စစ်ကောင်စီတပ်တို့ရဲ့ ၂ ရက်ကြာတွေ့ဆုံဆွေးနွေးမှု အောင်မြင်မှုမရဘဲ ပြီးဆုံးသွားတဲ့နောက်ပိုင်း တိုက်ပွဲတွေ ထပ်မံပြင်းထန်လာနိုင်တဲ့ အခြေနေမှာ ရှိနေတယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံရဲ့ ဦးဆောင်မှုနဲ့ ယူနန်ပြည်နယ်၊ ကူမင်းမြို့မှာ ကျင်းပတဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ ကိုးကန့်တပ်ဖွဲ့ MNDAA အကြီးအကဲတွေကြား အစည်းအဝေး နှစ်ဖက် သဘောတူညီမှုတွေ မရဘဲ ပြီးဆုံးသွားခဲ့ပြီလို့ DVB သတင်းဌာနရဲ့ သတင်းအရင်းအမြစ်တချို့က ပြောပေမဲ့ အဲဒီအဖွဲ့တွေထံက အတည်ပြုချက် မရရှိသေးပါဘူး။

သဘောတူညီချက်မရခဲ့တဲ့ အချက်တွေထဲမှာ အာဏာသိမ်းစစ်တပ်ဘက်က လားရှိုး ပြန်ပေးဖို့ တောင်းဆိုတာကို ကိုးကန့်တပ်ဖွဲ့ဘက်က သဘောမတူခဲ့တဲ့အချက် အပါအဝင် တခြားအချက်တချို့လည်း ရှိနေတယ်လို့ အဲဒီအစည်းအဝေးအကြောင်းကို သိရှိနေတဲ့ DVB သတင်းအရင်းအမြစ်က ပြောပေမဲ့ အသေးစိတ်ကိုတော့ မပြောဆိုခဲ့ပါဘူး။

အခုလို သဘောတူညီချက်မရဘဲ အစည်းအဝေး ပြီးဆုံးသွားတဲ့နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေက အခုထက် ပိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ နယ်စပ်တည်ငြိမ်ရေးနဲ့ သူတို့ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေရပ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးကြဖို့အတွက် UWSA ‘ဝ’ တပ်ဖွဲ့အပါအဝင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ဒီလထဲမှာ တဖွဲ့ချင်းစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း  သီးခြားစီတွေ့ဆုံဆွေးနွေးဖို့ စီစဉ်ခဲ့တာပါ။

မြောက်ပိုင်းတော်လှန်ရေးတပ်ဖွဲ့တွေအပေါ်မှာ တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုက ကြီးကြီးမားမား ရှိနေခဲ့တာကြောင့် အာဏာသိမ်းစစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ တိုက်ပွဲတွေ ရပ်တန့်ပေးခဲ့ရတဲ့ အခြေအနေအထိ ဖြစ်ပေါ်ခဲ့တယ်လို့ ရှမ်းပြည်နယ်မြောက်ပိုင်းနယ်မြေခံ သတင်းထောက် မိုင်းအိုက်နိုင်က ပြောပါတယ်။

လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းမှာတော့ နောင်ချိုနဲ့ တောင်ခမ်းဘက်ကလွဲရင် မြောက်ပိုင်းညီနောင် ၃ ဖွဲ့ သိမ်းထားတဲ့ နယ်မြေတွေမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပေမဲ့ စစ်ကောင်စီဘက်ကတော့ လားရှိုးကို ထိုးစစ်ဆင်နိုင်ဖို့ တန့်ယန်းမြို့နယ်နဲ့ မိုင်းရယ်ဘက်တွေမှာ စစ်အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်နေတယ်လို့လည်း မိုင်းအိုက်နိုင်က ဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ သူတို့ လက်လွှတ်လိုက်ရတဲ့ နယ်မြေဒေသတွေအပါအဝင် ကိုးကန့်တပ်ဖွဲ့ဆီက ပြန်တောင်းနေတဲ့ လားရှိုးမြို့ကိုလည်း လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေပြီး တဖက်မှာလည်း တရုတ်အကူအညီနဲ့ ဖိအားပေး ငြိမ်းချမ်းရေးဆွေးနွေးနေတာပါ။

စစ်ကောင်စီတပ်ရဲ့ အရပ်သားပြည်သူတွေရဲ့ နေရာတွေကို လေယဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီး အလွန်အကျွံအသုံးပြုပြီး လူနေအဆောက်အအုံတွေကို တိုက်ခိုက်တာတွေကို ရပ်ဖို့ တရုတ်နိုင်ငံဘက်က ပြောဆိုခြင်းမရှိဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို ဖိအားပေး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာဟာ ဆွေးနွေးပွဲ အောင်မြင်ဖို့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ပါတယ်။

တရုတ်နိုင်ငံရဲ့အကူအညီနဲ့ ကျင်းပတဲ့ ကိုးကန့်တပ်ဖွဲ့နဲ့ စစ်တပ်တို့ကြား တွေ့ဆုံဆွေးနွေးပွဲနဲ့ ပတ်သတ်ပြီး တိကျတဲ့ သတင်းထုတ်ပြန်မှုမလုပ်ဘဲ ရလာတဲ့ အချက်အလက် အနည်းငယ်အပေါ်မှာ သုံးသပ်တာဟာ ခက်ခဲနိုင်တဲ့အတွက် ဆွေးနွေးပွဲရလဒ် အောင်မြင်မှုရှိ၊ မရှိ ဆိုတာ စောင့်ကြည့်သင့်တယ်လို့ သေနင်္ဂအင်စတီကျု အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက ပြောပါတယ်။

ကိုးကန့်တပ်ဖွဲ့နဲ့ တွေ့ဆုံမှုပြီးရင် ကျန်မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ အာရက္ခတပ်တော် (AA) တို့ကိုလည်း တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ သတင်းထွက်နေပါတယ်။

TNLA ဘက်ကတော့ သူတို့အဖွဲ့နဲ့ တွေ့ဆုံဖို့ ရှိ၊ မရှိ ဆိုတာက ကိုးကန့်အဖွဲ့နဲ့တွေ့ဆုံမှုပြီးဆုံးမှသာ သိနိုင်မယ်လို့  TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က ပြောပါတယ်။

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013