မြန်မာ-ထိုင်းနယ်စပ်က ‘ဝ’ တပ်စခန်းတွေကိစ္စနဲ့ပတ်သက်လို့ နယ်ခြားကော်မတီတွေရဲ့ ပုံမှန်အစည်းအဝေးမှာ ဆွေးနွေးမယ်လို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။
ဒီဇင်ဘာ ၁၆ ရက် ညပိုင်းမှာ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေကနေတဆင့် ပြောလိုက်တာပါ။ ‘ဝ’ တပ်ဖွဲ့နဲ့ ထိုင်းစစ်တပ်အကြား ဖြစ်တဲ့ကိစ္စရပ်ဟာ သီးခြားကိစ္စဖြစ်ကြောင်းနဲ့ နယ်ခြားဒေသကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး လစဉ် ဆွေးနွေးနေတယ်လို့ သူကပြောခဲ့ပါတယ်။
ဒေသဆိုင်ရာ နယ်ခြားကော်မတီ (RBC) နဲ့ မြို့နယ်အဆင့်နယ်ခြားကော်မတီ (TBC) တို့ဟာ ၂ နိုင်ငံနယ်စပ်ဒေသမှာ ဖြစ်ပေါ်လေ့ရှိတဲ့ကိစ္စရပ်တွေကို ဆွေးနွေးကြတာဖြစ်ပါတယ်။
‘ဝ’ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/ UWSA) ကတော့ ထိုင်းနဲ့ ထပ်မံဆွေးနွေးခဲ့တာမျိုးမရှိသလို စခန်းတွေကနေ ဆုတ်ခွာပေးမယ်ဆိုတာလည်းမပြောကြောင်း ပြည်တွင်းမီဒီယာတွေကို ပြောထားပါတယ်။
ကျိုင်းတုံအခြေစိုက် တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးက ‘ဝ’ ပြည်နယ်၊ တောင်ပိုင်း (၁၇၁) စစ်ဒေသဘက်ကို လုံခြုံရေးအပြည့်နဲ့လာရောက်ခဲ့ပြီးနောက် အခုလိုသတင်းတွေထွက်လာတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က မြန်မာ-ထိုင်းနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်နား နယ်စပ်မျဉ်းပေါ်က ‘ဝ’ တပ်ဖွဲ့ရဲ့ တပ်စခန်းတွေကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီးဖယ်ပေးဖို့ ထိုင်းဘက်ကထုတ်ပြန်ခဲ့ပြီး နှစ်ဖက် စစ်ရေးတင်းမာနေတာဖြစ်ပါတယ်။
ဒါအပြင် ထိုင်းနိုင်ငံမှာ လာမယ့် ဒီဇင်ဘာ ၁၉ ရက်ကျင်းပမယ့် အလွတ်သဘောဆွေးနွေးပွဲ ၂ ခုကို တရုတ်၊ လာအို၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က ဝန်ကြီးအဆင့်ရှိသူတွေနဲ့ ဒု-ဝန်ကြီးအဆင့်ရှိသူတက်ရောက်မှာဖြစ်ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်မယ်လို့လည်း သိရပါတယ်။