မြန်မာပြည်တွင်း ငတ်မွတ်ခေါင်းပါးမှုနဲ့ အကူအညီပေးရေးလုပ်သားတွေအကြောင်း အချက်အလက် မစုဖို့ သုတေသီတွေကို စစ်ကောင်စီက ဖိအားပေးခြင်းအားဖြင့် နိုင်ငံအတွင်း ဆိုးရွားနေတဲ့ စားနပ်ရိက္ခာ အကျပ်အတည်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ဖိနှိပ်ချုပ်ချယ်ထားတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်အတွင်း ဆွေးနွေးပွဲတွေမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်တွေဟာ မြန်မာနိုင်ငံအတွင်း ပြည်သူ သန်းချီက အပြင်းအထန် ငတ်မွတ်နေတာကို ဖော်ပြတဲ့ အချက်အလက်နဲ့ ခွဲခြမ်းစိတ်ဖြာချက်တွေကို မထုတ်ပြန်ဖို့ အကြီးတန်း ကယ်ဆယ်ရေး ဝန်ထမ်းတွေကို သတိပေးခဲ့တယ်လို့ ဒီကိစ္စနဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းမှာ ရေးသားထားပါတယ်။
ဆာလောင်မွတ်သိပ်မှု စောင့်ကြည့်ရေး ကမ္ဘာ့ထိပ်တန်း အဖွဲ့ဖြစ်တဲ့ Integrated Food Security Phase Classification (IPC) ဟာ သုတေသီတွေရဲ့ ဘေးကင်းရေးအတွက် စိုးရိမ်လို့ မကြာသေးမီ သီတင်းပတ်တွေအတွင်းက သူ့ရဲ့ ရောင်စုံကုဒ်နဲ့ အကဲဖြတ်မှုအဆင့်တွေကို သူ့ရဲ့ အင်တာနက် စာမျက်နှာပေါ်ကနေ ဖယ်ရှားခဲ့ပါတယ်။
ဒေတာစုဆောင်းသူတွေနဲ့ လေ့လာသုံးသပ်သူတွေကို စစ်ကောင်စီ ဆီကနေ အကာအကွယ်ပေးတဲ့ နောက်ထပ်လုပ်ဆောင်ချက် အနေနဲ့ IPC ဟာ အာရှတိုက်ရဲ့ စပါးကျီဖြစ်ဖူးပြီး စစ်ဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ အဆိုးရွားဆုံး စားနပ်ရိက္ခာ အကျပ်အတည်းတွေထဲက တခုကို ရင်ဆိုင်နေရကြောင်း ပြသတဲ့ အသေးစိတ် ခွဲခြမ်းစိတ်ဖြာမှု ၃ ခုကို လူသိရှင်ကြား ထုတ်မပြခဲ့ပါဘူး။
ရိုက်တာ သတင်းဌာနကတော့ မြန်မာနိုင်ငံမှာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ပတ်သက်ပြီး အကူအညီပေးရေး လုပ်သားတွေ၊ သုတေသီတွေ၊ သံတမန် အရင်းအမြစ်တွေနဲ့ ကုလသမဂ္ဂ အရာရှိ ၃၀ ကျော်တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။
အများစုက စစ်တပ်ရဲ့ လက်စားချေမှာကို စိုးရိမ်တယ်လို့ပြောရင်း မှတ်တမ်းမှာ ပြောဖို့ ငြင်းဆိုခဲ့ပါတယ်။
စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ တယောက်က ဒီသတင်းနဲ့ ပတ်သက်ပြီး မဖြေခဲ့ပါဘူး။
မြန်မာနိုင်ငံဆိုင်ရာ IPC “အထူးအကျဉ်းချုပ်” မှာ နိုဝင်ဘာ ၅ ရက်စွဲနဲ့ ပြန်လည်သုံးသပ်ချက်အရ လူပေါင်း ၁၄ ဒသမ ၄ သန်း ဒါမှမဟုတ် လူဦးရေရဲ့ ၄ ပုံ ၁ ပုံလောက်ဟာ ၂၀၂၄ ခုနှစ်စက်တင်ဘာနဲ့ အောက်တိုဘာလတို့မှာ ပြင်းထန်တဲ့ စားနပ်ရိက္ခာ မဖူလုံမှုကို ကြုံတွေ့နေရပါတယ်။
ပြင်းထန်တဲ့ စားနပ်ရိက္ခာ မဖူလုံမှုဆိုတာ အသက်နဲ့ အသက်မွေးဝမ်းကျောင်းမှုကို ခြိမ်းခြောက်တဲ့ အစာရေစာပြတ်လပ်မှုကို ရည်ညွှန်းထားပါတယ်။
လာမယ့်နွေရာသီမှာ မြန်မာပြည်သူ ၁၅ သန်းဟာ စားနပ်ရိက္ခာမလုံလောက်မှု ပြင်းထန်တဲ့ အဆင့်နဲ့ ရင်ဆိုင်ရမယ်လို့ အစီရင်ခံစာက ခန့်မှန်းထားပါတယ်။
Source: Reuters