ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ဂျဲန်ဒါတန်းတူညီမျှရေးဌာန (GED) ကို ဒီဇင်ဘာ ၁၅ ရက်မှာ စတင်ဖွဲ့စည်းပြီး ဗဟိုကျန်းမာရေးဌာနကိုလည်း ပြန်လည်ပြင်ဆင်တာတွေ ပြုလုပ်ခဲ့တယ်လို့ GED ဌာနရဲ့ ဒုဌာနမှူးက ပြောပါတယ်။
“ဂျဲန်ဒါတန်းတူညီမျှရေးဌာနက ဂျဲန်ဒါဆိုတဲ့ စကားလုံးကို ကျား မ လို့ ဘာသာမပြန်ပါဘူး။ ကျား-မ အပြင် တခြားသော sexual orientation ကွဲပြားတဲ့သူတွေအားလုံးကို ထည့်သွင်းစဥ်းစားပြီးမှ ဂျဲန်ဒါလို့ သုံးနှုန်းတာဖြစ်တယ်။ ဒီမိုကရေစီရဖို့ ဘယ်လောက်အရေးကြီးလဲဆိုတာရဲ့ အဖြေက ဂျဲန်ဒါတန်းတူရေးရဖို့ ဘယ်လောက်အရေးကြီးလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေပါပဲ။ “ဒီမိုကရေစီရရှိရေး” လို့ အော်နေပြီး ဂျဲန်ဒါတန်းတူညီမျှရေးမရှိရင် အခွံသက်သက်ပါပဲ။”
GED ဌာနကို ဖွဲ့စည်းဖို့ လုပ်ငန်းစဉ်တွေ ဖွဲ့စည်းဆွေးနွေးတာကို ၂ လကြာ ပြုလုပ်ခဲ့ပြီး ဌာနမှူးတွေ၊ ဒုဌာနမှူးတွေ ရွေးကောက်ပြီးသွားတဲ့နောက်မှာတော့ အမှန်တကယ် တရားဝင် တာဝန်အပ်နှင်းဖို့အတွက် ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
GED ကို အမှန်တကယ် အကောင်အထည်ဖော်ဖို့ KNDF ရဲ့ မူဝါဒ၊ စစ်အက်ဥပဒေနဲ့ လုပ်ငန်းစဥ်အားလုံးမှာ ဂျဲန်ဒါရှုထောင့်ကို ထည့်သွင်းစဥ်းစားပြီး အိမ်ဖြည့်မဟုတ်ဘဲ အမှန်တကယ် ထဲထဲဝင်ဝင် ဦးဆောင်ခွင့်ရလာမယ့် အမျိုးသမီးနဲ့ တခြားဂျဲန်ဒါကို ခံယူထားတဲ့ ခေါင်းဆောင်တွေ ပေါ်ပေါက်လာဖို့၊ အမျိုးသမီးနဲ့ တခြားဂျဲန်ဒါကို ခံယူထားတဲ့ တပ်ဖွဲ့ဝင်တွေအတွက် လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုတွေ ပံ့ပိုးပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
ကျမ်းသစ္စာကျိန်ဆိုမှု အခမ်းအနားမှာ ဗဟိုကျန်းမာရေးဌာနကိုလည်း တပါတည်းပြုလုပ်ကာ အခမ်းအနားမှာ KNDF ဥက္ကဋ္ဌ ခွန်းဘီထူး၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးနဲ့ KNDF ဗဟိုကော်မတီဝင်တွေက ဂုဏ်ပြုကြိုဆိုစကား ပြောကြားခဲ့ပါတယ်။
KNDF တပ်ဖွဲ့က ဒီမိုကရေစီနဲ့ အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ တပ်ဖြစ်တဲ့အပြင် ခွဲခြားဆက်ဆံမှုကင်းပြီး အားလုံးပူးပေါင်းပါဝင်နိုင်တဲ့ တပ်ဖြစ်မြောက်လာရေး အတွက် လိုအပ်တဲ့ တည်ဆောက်မှုတွေကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထပ်လောင်းပြောထား ပါတယ်။