Home
မြန်မာသတင်း
၁၁၁၁ စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန် ကရင်နီစစ်ရေးရည်မှန်းချက် ဘယ်လောက် ခရီးပေါက်နေပြီလဲ  
DVB
·
November 13, 2024

ကရင်နီပြည်နယ်မှာ လွိုင်ကော်မြို့သိမ်းတိုက်ပွဲ စတင်ခဲ့တဲ့ ၁၁၁၁ စစ်ဆင်ရေး ၁ နှစ်ပြည့်ချိန်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက လွိုင်ကော်ကို ပြန်လက်လွှတ်ထားရပေမဲ့  မြို့ ၇ မြို့နဲ့ နယ်မြေတွေကို စိုးမိုးနိုင်တုန်းပဲလို့ ဒေသခံတွေက ပြောကြပါတယ်။ 

၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၁ ရက်နေ့မှာ ၁၁၁၁  စစ်ဆင်ရေးကို စတင်တာဟာ လွိုင်ကော်မြို့နယ်ထဲက စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားကို ဖြိုဖျက်နိုင်ဖို့ ရည်ရွယ်ခဲ့တာလို့ KNDF ရဲ့ တာဝန်ရှိသူတွေက ပြောဖူးပါတယ်။

လွိုင်ကော်မှာ လနဲ့ချီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး တက္ကသိုလ်အပါအဝင် လွိုင်ကော်မြို့နယ်ထဲက စခန်း ၁၂ ခုကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ မြို့ကိုတော့ ပြန်လက်လွှတ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

လွိုင်ကော်တက္ကသိုလ်ကိုလည်း စစ်ကောင်စီက ပြန်လည်ဖွင့်လှစ်မယ်လို့ ကြေညာထားပါတယ်။ 

ကရင်နီတပ်မတော်(KA)  ပြောခွင့်ရသူကတော့ စစ်ဆင်ရေးစတင်အပြီး တော်လှန်ရေးတပ်တွေရဲ့ ထိန်းချုပ်ဧရိယာ ၉၀ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ခုချိန်အထိလည်း ထိန်းချုပ်ထားနိုင်တုန်းပဲလို့  ပြောပါတယ်။

ကရင်နီတပ်မတော် (KA) ဗိုလ်မှူးကြီးဘုန်းနိုင်က “ကျနော်တို့ ထိန်းချုပ်လို့ရတယ်လေ။ လွိုင်ကော်ကတော့ ထိန်းချုပ်ဆဲပါ။ ဒါပေမဲ့ သူတဖက်၊ ကျနော်တို့တဖက်ပေါ့နော်။ အဲဒါကတော့ ရှိပါတယ်နော်၊ မယ်စဲ့ ရွာသစ် ရှားတော အားလုံးကတော့ ကျနော်တို့ လက်ထဲမှာရှိပါတယ်”လို့ ပြောပါတယ်။

အသေးစိတ်ကိုထပ်သိရဖို့ KNDF တာဝန်ရှိသူတချို့ဆီ ဆက်သွယ်ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

KIA နဲ့ KNDF အပါအဝင်တော်လှန်ရေးတပ်တွေက မယ်စဲ့၊ ရှားတော၊ မော်ချီး၊ ဒီးမော့ဆို၊ နန်းမယ်ခုံ၊ ရွာသစ်နဲ့ မိုးဗြဲမြို့တွေကို ထိန်းချုပ်ကာ မယ်စဲ့မြို့နယ်၊ ရှားတောမြို့နယ်နဲ့ ကရင်နီပြည် သံလွင်အရှေ့ခြမ်းဒေသတွေမှာ စစ်ကောင်စီ ကင်းစင်သွားပြီလို့ မတ်လ ၂၃ ရက်မှာ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ကလည်း လနဲ့ချီကြာအချိန်ယူကာ ပင်လောင်းကနေ မိုးဗြဲဘက်ကို အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးလာခဲ့ပြီး နိုဝင်ဘာ ဒုတိယပတ်မှာတော့ စစ်ကောင်စီတပ်သားတွေ ဖယ်ခုံမြို့ကို ရောက်ရှိနေပြီလို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဒေသခံ ကိုလွမ်းက “စစ်ကြောင်း ဖယ်ခုံထဲ ရောက်သွားပြီ။ မိုးဗြဲလည်း ရွှေ့ထားခိုင်းတယ်ပေါ့နော်၊ ပြီးတော့ နန်းမယ်ခုံတို့ဘက်လည်း ရွှေ့ခိုင်းထားတယ်။ အနီးအနားတွေတော့ ရွှေ့ထားခိုင်းတယ် ပေါ့။ ဘာလို့ဆို သူတို့ပုံစံအရတော့ သိပ်မကြာခင်ထိုးတော့မယ့် ပုံစံပေါ့နော်။ ဒီဘက်အထိ ထိုးမယ့်ပုံစံမျိုးလည်း ရှိတယ်။ ဘယ်ဘက်ထိုးမလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်နေတာပေါ့”လို့ ပြောပါတယ်။

နယ်မြေစိုးမိုးရေးအတွက် အရေးပါတဲ့ ပင်လောင်း-ဖယ်ခုံ-မိုးဗြဲလမ်းကို စိုးမိုးနိုင်ဖို့ ထိုးစစ်ဆင်နေတာ ဖြစ်ပြီး ဖယ်ခုံမြို့ဘက်ကို စစ်ကောင်စီတပ်ရဲ့ ရိက္ခာတင်ကားတချို့ သွားတာကို မြင်ရတာ ရက်ပိုင်းလောက်ရှိပြီလို့ ပင်လောင်းဒေသခံကလည်း အတည်ပြုပါတယ်။

ဒီလမ်းကိုသာ စစ်တပ်ဘက်က စိုးမိုးနိုင်မယ်ဆိုရင် မိုးဗြဲကနေတဆင့် နန်းမယ်ခုံ၊ လွိုင်ကော် အပါအဝင် ဒီးမော့ဆိုအထိ အလွယ်တကူသွားလို့ ရသွားမှာဖြစ်တာကြောင့် ၁၁၁၁ လုံးစစ်ဆင်ရေး ၁ နှစ်ပြည့်အလွန်မှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းနေကြပါတယ်။

IEC ရဲ့ အချက်အလက်တွေအရ ကရင်နီမှာ စစ်ရှောင် ၂ သိန်းခွဲဝန်းကျင်ရှိနေပြီး  အများစုက အကူအညီတွေ လိုအပ်နေပါတယ်။ 

စိုးသူအောင်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024