ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ စစ်ကြောင်းထိုး နယ်မြေရှင်းနေတဲ့ စစ်ကောင်စီတပ်က ရခိုင် စစ်ဘေးရှောင် ၅ ယောက်ကို နိုဝင်ဘာ ၁၂ ရက်က ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “မနေ့က အဖမ်းခံရတာ။ စစ်ဘေးရှောင် မဟုတ်ဘူးပေါ့၊ AA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က ဆိုပြီးဖမ်းတာ။ အဖမ်းခံရတာ ယောကျ်ားလေးတွေချည်းပဲ။ ရခိုင်ပြည်နယ် ဂွနဲ့ ငရုတ်ကောင်းက တဆက်တည်းရှိတာ ငရုတ်ကောင်း ဘက်အဝင်မှာ နယ်မြေရှင်းလင်းနေတဲ့ စကစ တပ်က ဖမ်းတာ” လို့ ပြောပါတယ်။
အဖမ်းခံရတဲ့သူတွေဟာ ရခိုင်ပြည်နယ် ဂွမြို့နယ်ကနေ လာတာဖြစ်ပြီး အသက် ၂၀ အရွယ် ၂ ယောက်နဲ့ အသက် ၃၀ အရွယ် ၃ ယောက်ဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှာင်လာသူတွေလို့ ဆိုပါတယ်။
အုပ်ချုပ်ရေးအဖွဲ့နဲ့နီးစပ်သူတယောက်က “စစ်ကောင်စီ ရေတပ်က ဖမ်းတာလို့ သိရတယ်။ ဟိုင်းကြီးကျွန်း ပမ္မဝတီ တပ်ထဲ ဖမ်းခေါ်သွားတယ်။ စစ်ကောင်စီဘက်က AA တပ်ဖွဲ့ဝင်ဆိုပြီး ဖမ်းတာ။ ဒီလောက်ပဲ သိရသေးတယ်” လို့ ပြောပါတယ်။
ဧရာဝတီတိုင်းထဲက ဟိုင်းကြီးကျွန်း၊ ငပုတော၊ ပြင်စလူ၊ ငရုတ်ကောင်း၊ ဂေါ်ရင်ဂျီ စတဲ့ရခိုင်ပြည် နယ်နဲ့ ထိစပ်နေတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီတပ်က အာရက္ခတပ်တော် (AA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေ မဝင်ရောက်လာစေဖို့ဆိုကာ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းတာနဲ့ ဂိတ်တွေမှာပါ တင်းတင်းကျပ်ကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။