ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာက ဒေသခံ ပြည်သူ အယောက် ၂၀၀ ကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၁၁ ရက်နေ့မှာ ပေါ်တာဆွဲသွားခဲ့တယ်လို့ ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ပင်လောင်း-ဖယ်ခုံကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေက ဖယ်ခုံမြောက်ဘက်က ပူချယ်ရွာအနီး ကောက်ရိတ်ပြန်လာတဲ့ ပြည်သူတွေကို ဖမ်းဆီးခေါ်ဆောင်သွားတာလို့ သိရပါတယ်။
ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတယောက်က “ဖမ်းခံရတဲ့အထဲ အမျိုးသမီးတွေလည်း ပါတယ်။ ကျနော့်အသိရဲ့ အမ ကောက်ရိတ်တာ ပါသွားတယ်တဲ့။ လယ်ရိတ်တယ်ဆိုတော့ အမျိုးသမီးလည်း ပါတာပေါ့။ သူတို့လည်း လယ်စိုက်ထားတော့ နှမြောပြီး သွားရိတ်ကြတာပေါ့။ ခုတော့ ပါသွားပြီ” လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူ အယောက် ၂၀၀ ကျော်ကို အရင်ရက်တွေမှာ ပင်လောင်းက အားကစားရုံထဲ ကနဦးထားရှိပြီး ခုလက်ရှိမှာတော့ တခြားတနေရာကို ရွှေ့ပြောင်းထားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူအယောက် ၂၀၀ ကျော်မှာ အမျိုးသမီးတွေလည်း ပါဝင်ပြီး အသက်အရွယ် အပိုင်းအခြားလည်း စုံလင်တယ်လို့ သိရပေမဲ့ အမျိုးသမီးအရေအတွက်၊ အမျိုးသားအရေအတွက် အတိအကျကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဖယ်ခုံမြို့ပေါ်ရပ်ကွက်နဲ့ ပင်လောင်းအစပ်နားက ပင်စုံ၊ နန့်ဖာမူ၊ လွယ်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်ကျေးရွာတွေမှာ နေအိမ်မီးရှို့တာ၊ တန်ဖိုးကြီးပစ္စည်း ခိုးယူတာတွေကို ပြုလုပ်ခဲ့တယ်လို့ တော်လှန်ရေး အင်အားစုတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ပထမအပတ်မှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်က ပင်လောင်းက ပြည်သူပိုင်လယ်တွေ ရိတ်သိမ်းသွားခဲ့ပြီး ဗန်းမောက်ကျေးရွာက ပြည်သူ ၃၀ ကျော်ကို စစ်မှုထမ်းဖို့ ခေါ်သွားခဲ့ပါသေးတယ်။
ပင်လောင်း-ဖယ်ခုံစစ်ကြောင်းထိုးရာ လမ်းတလျှောက်မှာလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၁၀၀ ပြုလုပ်ခဲ့ပြီး ကျေးရွာတွေအပေါ်မှာလည်း ဗုံးကြဲခဲ့တဲ့အတွက် နိုဝင်ဘာလအတွင်း အသက် မပြည့်သေတဲ့ ကလေးငယ်အပါအဝင် ပြည်သူ ၆ ယောက် သေဆုံးပြီး ၅ ယောက်က ဒဏ်ရာရရှိခဲ့တယ်လို့ KNDF က ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။