စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ မီးရှို့ဖျက်ဆီးတာကြောင့် ကျေးရွာ ၃ ရွာက နေအိမ် ၁၃၀ ကျော် မီးလောင်ပျက်စီးခဲ့သလို ဒေသခံပြည်သူတယောက်လည်း မီးရှို့ သတ်ဖြတ်ခံရတယ်လို့ ဒေသခံထံက သိရပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်ထဲက သပြေသာကျေးရွာကလူနေအိမ် ၆၇ လုံး၊ ကျောင်းကုန်းကျေးရွာကလူနေအိမ် ၄၃ လုံးနဲ့ ဖိုလ်ကုန်းကျေးရွာတွေကလူနေအိမ် ၂၃ လုံးတို့ကိုမီးရှို့ဖျက်ဆီးသွားတာလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“အင်အား ၁၂၀ လောက်ပါတဲ့စစ်ကြောင်းက ကန့်ဘလူမြို့နယ်ထဲက ဇီးကုန်းတိုက်နယ်ထဲက ရွာ ၃ ရွာက လူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြတာပါ။ ရွာ ၃ ရွာက မီးလောင်တဲ့အိမ် ၁၃၀ ကျော်ရှိပါတယ်။”
အဆိုပါစစ်ကောင်စီစစ်ကြောင်းဟာ သပြေသာကျေးရွာက ဒေသခံပြည်သူ တယောက်ကို လည်း မီးရှို့သတ်ဖြတ်သွားခဲ့ပါတယ်။
ကျေးရွားသားတွေကို ကူညီဆောင်ရွက်ပေးနေသူတယောက်က “ရှင်းလင်းရေးတွေ ကူညီဆောင်ရွက်ပေးခဲ့တုန်းက သပြေသာကျေးရွာမှာ မီးရှို့အသတ်ခံထားရတဲ့ ရုပ်အလောင်း တလောင်းတွေ့တယ်။ ရွာသားတွေလည်း ထွက်ပြေးနေကြတာ။ ရွာထဲပြန်မ၀င်လာကြသေးလို့ မီးကျွမ်းထားတဲ့အလောင်းက ဘယ်သူဘယ်ဝါဆိုတာ သေချာမသိရသေးဘူးဖြစ်နေတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကတည်းက အဆိုပါကျေးရွာတွေ ဘက်ကို စစ်ကြောင်းထိုး၀င်ရောက်နေပြီး ဖမ်းဆီးခေါ်ဆောင်သွားတာခံရတဲ့ ပြည်သူ ၁၀၀ နီးပါးရှိကာ ခုအချိန်အထိ ပြန်လည်လွတ်မြောက်မလာကြသေးဘူးလို့လည်း ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့၀င်တွေကြောင့် ကျေးရွာတွေက ဒေသခံပြည်သူ သောင်းချီ နေရပ်စွန့်ခွာထွက်ပြေးနေကြရကာ စားနပ်ရိက္ခာနဲ့ တခြား အကူအညီတွေ လိုအပ်နေတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ဆီကနေ သိရပါတယ်။
အောက်တိုဘာ ၂၈ ရက်က ကာဘိုးကျေးရွာမှာအထိုင်ချထားတဲ့ စစ်ကောင်စီဂိတ်စခန်းကို တော်လှန်ရေး တပ်ပေါင်းစုတွေ၀င်ရောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက် သေဆုံးခဲ့ပါတယ်။
ဒီနောက်ပိုင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အခုလိုကျေးရွာတွေကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးနေတာလို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီကနေ သိရပါတယ်။