Home
မြန်မာသတင်း
ရှမ်းတဲလေတပ်စခန်း တိုက်ခိုက်မှု Y12 လေယာဉ် ၂ စီး ပျက်စီး၊ အရာရှိနှင့်တပ်သား ၆ ဦး ဒဏ်ရာရ
DVB
·
November 13, 2024
Photo: Meiktila Revolution Force

မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲလေတပ်စခန်းကို နိုဝင်ဘာ ၁၁ ရက်နေ့ မနက်အစောပိုင်းမှာ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့ Y12 လေယာဉ် ၂ စီးပျက်စီးကာ အရာရှိ ၂ ဦးနဲ့ တပ်သား ၄ ဦး ဒဏ်ရာရရှိခဲ့ကြသလို အခြားအဆောက်အအုံတွေလည်း ထိမှန်ပျက်စီးသွားကြတယ်လို့ သိရပါတယ်။

မိတ္ထီလာမြို့နယ် ပကဖအဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတဦးက “အဲ့ဒီမစ်ရှင်ကို ရှားထူးဝေါနည်းပညာသုံး ဒရုန်းစုစုပေါင်း ၂၄ စင်းလောက်နဲ့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်မှုအများဆုံးက ရှမ်းတဲလေတပ်နဲ့ ထိစပ်နေတဲ့ ထုတ်လုပ်ရေးတပ်တွေမှာ ပျက်စီးမှုအများဆုံးဖြစ်ခဲ့တယ်။ Y12 စစ်လေယာဉ် ၂ စီး ထိခိုက်ပျက်စီးမှုရှိခဲ့သလို ထုတ်လုပ်ရေး အဆောက်အအုံ ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။ သူတို့ဘက်က ဗိုလ်မှူး ၁ ယောက်နဲ့ လမသက ဗိုလ်မှူး ၁ ယောက်အပါအ၀င် ၆ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကနဦးသတင်းရပါတယ်” လို့ DVB ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ဖိအားပေးပြီး မြန်မာပြည်အနှံ့ ဗုံးကြဲတိုက်ခိုက်နေတာ တွေကို တစိတ်တပိုင်း ယုတ်လျော့သွားအောင်နဲ့ စိတ်ဓာတ်ရေးရာအရ ပျက်ပြားသွားအောင် ရည်ရွယ်လုပ်ဆောင်ခဲ့ကြတာလို့လည်း သိရပါတယ်။

“အခုတိုက်ခိုက်မှုမှာ ရည်ရွယ်ထားတဲ့အတိုင်းပဲ စစ်ရေးပစ်မှတ်တွေကို ထိထိမိမိ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ နောက်တခုက တော်လှန်ရေးဟာ မကြာခင်ကာလအတွင်းမှာ ပြီးဆုံးတော့မယ်။ စစ်အုပ်စုရဲ့နိဂုံးဟာ မဝေးတော့ဘူး။ သူတို့အတွက် လုံခြုံရေးတွေ ဘယ်လောက်ပဲထားထား၊ နည်းပညာ ဘယ်လိုပဲရှိရှိ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က မပြည့်စုံတဲ့ကြားကနေ သူတို့ရဲ့နည်းပညာတွေကို ကျော်လွှားနိုင်တယ်ဆိုတာကို အားလုံး သိစေချင်ပါတယ်။ အခုလို တိုက်နိုင်ဖို့အတွက်လည်း ကျနော်တို့တွေ ကာလရှည်ကြိုးစားခဲ့ရပြီး လက်တွေ့တည်ဆောက်ခဲ့ရပါတယ်။ အခက်အခဲတွေ အများကြီး ကျော်လွှားခဲ့ရတယ်။ အခု တိုက်ခိုက်မှုအတွင်းမှာတော့ ၁ စီးကို ၃၅ သိန်းလောက်တန်တဲ့ ဒရုန်း ၇ စီး ပျက်ကျ ဆုံးရှုံးခဲ့ရပါတယ်” လို့ မိတ္ထီလာမြို့နယ် ပကဖအဖွဲ့ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းတွေဖြစ်တဲ့ လကသအရာရှိအိမ်ရာ (လေကြောင်းအတတ်သင်)၊ ခဲယမ်းသိုလှောင်ရုံ၊ လထခအရာရှိရိပ်သာ (လေကြောင်းထုတ်လုပ်)၊ တကစ ၁၀ အရာရှိ ရိပ်သာတွေ (တပ်မတော်အကြီးစားစက်ရုံ)၊ ရေဒါစခန်းနဲ့ တပ်မ ၉၉ တို့ကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်ခံရမှုအပြီးမှာတော့ အရာရှိတွေဟာ လေတပ်အတွင်း နေထိုင်သူတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းထားခဲ့ပြီး မီးသတ်ကား ၂ စီးလည်း လေတပ်အတွင်း ဝင်ရောက်မီးငြှိမ်းသတ်ခဲ့ရတယ်လို့လည်း သူကဆက်ပြောပါတယ်။

အဆိုပါတိုက်ခိုက်မှုကို တစ်လေးလုံး ရွှေလင်းယုန် ဒရုန်းအထူးစစ်ဆင်ရေးအဖြစ် မိတ္ထီလာမြို့နယ် ပကဖ၊ မိတ္ထီလာ ပကဖ ဒရုန်းတပ်ဖွဲ့၊ မိတ္ထီလာခရိုင် တပ်ရင်း ၃၊ ၁၈၂၅ စစ်ကိုင်းခရိုင်ဒရုန်းတပ်ဖွဲ့၊ မြင်းခြံခရိုင် တပ်ရင်း ၈ နဲ့ အမည်မဖော်လိုတဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထောက်ပံ့ကူညီမှု၊ ရှားထူးဝေါ နည်းပညာအဖွဲ့ရဲ့ နည်းပညာပိုင်းအကူအညီနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးမှုတွေကို DVB အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းတစုံတရာ ထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013