တအာင်းပြည်၊ တပ်မဟာ ၂ နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်းနဲ့ အနောက်ပိုင်း၊ နောင်ချိုမြို့နယ်တို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ အယောက် ၂၀ သေဆုံးခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ဆီကနေ သိရပါတယ်။
နိုဝင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ မိုးကုတ်မြို့ အရှေ့ပိုင်း အထက်လယ်ဦးရပ်ကွက်မှာ ဗုံး ၃ လုံးနဲ့ အနောက်ပိုင်း မြို့ဦးလွင်အနီးမှာ ဗုံး ၂ လုံးတို့နဲ့ တိုက်ခိုက်ခဲ့ရာ ဒေသခံ ၉ ဦး သေဆုံးခဲ့သလို နောင်ချိုမြို့ကိုလည်း ဆက်လက်လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ TNLA ရဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ လွေးယေဦးက DVB ကို ပြောပါတယ်။
နောင်ချိုမြို့ လန်းဆန်းလက်ဖက်ရည်ဆိုင် ဗုံးကြဲတိုက်ခိုက်မှုမှာ အရပ်သား ၁၁ ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ မိုးကုတ်မြို့ကို နိုဝင်ဘာ ၁၁ ရက် ညသန်းကောင်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၁၂ ရက် ညနေပိုင်းအထိ ရှာဖွေတွေ့ရှိသမျှ အလောင်းအရေအတွက်က ၉ လောင်း ရှိတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပြီး နောင်ချိုမြို့ကိုလည်း လေကြောင်း ဆက်လက်တိုက်ခိုက်ခဲ့တာပါ။
“နောင်ချို လေကြောင်းတိုက်ခိုက်ခံရတဲ့အထဲမှာ သေဆုံးသူတွေဟာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့သူတွေ၊ ကားသမား၊ ခရီးသွားတွေ ထိတာပါ။ ဗုံးက လက်ဖက်ရည်ဆိုင်တည့်တည့်ကို ကျတာပါ” လို့ နောင်ချိုမြို့ခံတဦးက ပြောပါတယ်။
မိုးကုတ်မြို့ကို TNLA က သိမ်းပိုက်ပြီး ၄ လအကြာမှာ လေကြောင်းတိုက်ခိုက်မှု စတင်ပြုလုပ်တာဖြစ်ပြီး ဒေသခံပြည်သူတွေအနေနဲ့ ထပ်မံတိုက်ခိုက်ခံရမှာကို စိုးရိမ်ထိတ်လန့်နေကြရတယ်လို့ သိရပါတယ်။